MT News
၂၀. ၈. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့ နံနက်ပိုင်းတွင် မော်စကိုမြို့ မှ အထူးလေယာဉ်ဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Viktor Karankevich နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး၊ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။






လေဆိပ်၌ နိုင်ငံတော်သမ္မတအား ဘယ်လာရုစ်နိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့် အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘယ်လာရုစ်နိုင်ငံဝန်ကြီးချုပ်၊ ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ဘယ်လာရုစ်အစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။






အလားတူ နိုင်ငံတော်သမ္မတအနေဖြင့် မြန်မာ – ဘယ်လာရုစ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေး သွားမည်ဖြစ်သည်။
ထိုခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မင့်စ်မြို့၌ မြန်မာသံရုံး ဖွင့်လှစ်ခြင်းအခမ်းအနားနှင့် မြန်မာ – ဘယ်လာရုစ် စီးပွားရေးဖိုရမ်တို့သို့လည်း တက်ရောက်သွားမည်ဖြစ်သည်။
