သတိုး
၂၀. ၈. ၂၀၂၆
မြန်မာ–ဘယ်လာရုစ် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုကို အခြေခံ၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကို မဟာဗျူဟာမြောက် အဆင့်သို့ တိုးမြှင့်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်မှု၊ စက်မှုကုန်ထုတ်လုပ်မှု၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ဒီဂျစ်တယ်နည်းပညာနှင့် အထူးစီးပွားရေးဇုန်များတွင် ဘယ်လာရုစ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် မြန်မာ–ဘယ်လာရုစ် နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲတွင် ဖိတ်ခေါ်ပြောကြားသည်။
မြန်မာ–ဘယ်လာရုစ် နှစ်နိုင်ငံသည် ၁၉၉၉ ခုနှစ် စက်တင်ဘာလမှစ၍ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ၂၆ နှစ်ကျော်ကြာ ဆက်ဆံရေး ရှိပြီဖြစ်ပြီး မင့်စ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို မြန်မာသံရုံးအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းမှာ နှစ်နိုင်ငံဆက်ဆံရေး၏ အရေးပါသည့် မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်းနှင့် အဆိုပါချစ်ကြည်ရေးကို စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့အကျိုးရလဒ်များအဖြစ် ပြောင်းလဲဖော်ဆောင်ရန် အလေးထားကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန်ပြောကြားသည်။
အလားတူ မြန်မာ–ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး လမ်းပြမြေပုံ (၂၀၂၆–၂၀၂၈) ကို အတည်ပြုလက်မှတ်ရေးထိုးပြီးဖြစ်၍ စက်မှု၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်းနှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အပြန်အလှန်အကာအကွယ်ပေးရေး သဘောတူစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းအပြင် B2B ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးတွဲစီမံကိန်းများကို တိုးမြှင့်ဖော်ဆောင်ရန် အားပေးဆောင်ရွက်မည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။




လက်ရှိတွင် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍကို Smart Agriculture စနစ်သို့ ကူးပြောင်းနေပြီး ဘယ်လာရုစ်၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ပါကြောင်း၊ Farming မှသည် Food Processing အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ပူးပေါင်းဆောင်ရွက်ရန် အလေးထားကြောင်း၊ ဘယ်လာရုစ်၏ လယ်ယာသုံးစက်ပစ္စည်း၊ စက်ယန္တရားနှင့် အကြီးစားစက်ပစ္စည်းများကို မြန်မာနိုင်ငံ၌ ပူးတွဲထုတ်လုပ်ရေး ဖိတ်ခေါ်ပါကြောင်းအပြင် နို့နှင့်နို့ထွက်ပစ္စည်း၊ ဆေးဝါးနှင့် ဆေးပစ္စည်း၊ လူသုံးကုန်ထုတ်လုပ်ရေးတို့တွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများရှိကြောင်းလည်း ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ပြောကြားသည်။
အလားတူ ရေအားလျှပ်စစ်၊ နေရောင်ခြည်၊ လေစွမ်းအင်နှင့် ဇီဝစွမ်းအင်အပါအဝင် စွမ်းအင်စီမံကိန်းများတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ထားကြောင်း၊ ခေတ်မီသိုလှောင်ရုံ၊ အအေးခန်း၊ ကုန်စည်ပို့ဆောင်ရေးနှင့် Logistics အခြေခံအဆောက်အအုံများတွင် ပူးပေါင်းရင်းနှီးမြှုပ်နှံနိုင်ကြောင်း၊ အဆင့်မြင့်နည်းပညာအသုံးပြု၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချနိုင်သည့် စွမ်းအင်စီမံကိန်းများ ဖော်ဆောင်နိုင်ရေး အလေးထားကြောင်း၊ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ AI အသုံးချမှု၊ Digital Payment နှင့် Innovation ကဏ္ဍများတွင် ဘယ်လာရုစ်ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ပါကြောင်းနှင့် ရတနာပုံဆိုက်ဘာစီးတီးကို နည်းပညာနှင့် ဒီဂျစ်တယ်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံနိုင်သည့် အခြေခံအဆောက်အအုံတစ်ရပ်အဖြစ် ဖွင့်လှစ်ပေးထားကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အထက်ပါပြောကြားချက်များအပြင် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ၃ ခု တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှိကြောင်း၊ထားဝယ်အထူးစီးပွားရေးဇုန်တွင် တာယာ၊ အကြီးစားစက်ပစ္စည်းနှင့် အကြီးစားကုန်တင်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဘယ်လာရုစ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပါကြောင်း၊ တနင်္သာရီဒေသတွင် သတ္တုတူးဖော်သန့်စင်ရေးနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်းအပြင် မြန်မာနိုင်ငံ၏ ASEAN နှင့် RCEP ဈေးကွက်ချိတ်ဆက်မှု၊ ဘယ်လာရုစ်၏ EAEU အဖွဲ့ဝင်နိုင်ငံအဖြစ် အားသာချက်တို့ကို အသုံးချ၍ ဈေးကွက်နှစ်ခုအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံကို အာရှဈေးကွက်သို့ ဝင်ရောက်နိုင်သည့် တံခါးပေါက်၊ ဘယ်လာရုစ်ကို EAEU ဈေးကွက်သို့ ဝင်ရောက်နိုင်သည့် တံခါးပေါက်အဖြစ် အသုံးချကာ Win-Win Economic Partnership ဖော်ဆောင်ရန် ရည်မှန်းထားကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
