၂၀.၈.၂၀၂၆
Written by Thiri
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်၊ ဝင်းပကျေးရွာ၊ စော်ကဲစုပိုင်းတွင် နေထိုင်သည့် လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ကြရာမှ အမျိုးသားဖြစ်သူက ဇနီးဖြစ်သူအား မသေမချင်း ရိုက်နှက်ခဲ့လို့ ဖြစ်စဉ်နေရာတင်ပင် သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ် မနေ့က ဩဂုတ်လ ၁၉ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေထံကနေ သိရပါတယ်။




ဇနီးသည်ကို ရိုက်နှက်တဲ့ အမျိုးသားဖြစ်သူမှာ စိတ်ဖောက်ပြန်နေသူ ဖြစ်ပြီး ဖြစ်စဉ်သတင်း ရရှိချိန် သက်ဆိုင်ရာမှ တာဝန်ရှိသူတွေက အခင်းဖြစ်နေရာဆီ ရောက်ရှိကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
သက်ဆိုင်ရာရဲ့ စုံစမ်း စစ်ဆေးမှုတွေအပြီး ရုပ်အလောင်းလာ ရောက်သယ်ယူပေးဖို့ ဆက်သွယ်အကြောင်းကြားချက်အရ “ပီတိနှလုံးသား (RESCUE) လူမှုကယ်ဆယ်ရေးနဲ့ နာရေးကူညီမှုအသင်း” မှ သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ပြီး သေဆုံးသွားသူ အမျိုးသမီးရဲ့ ရုပ်အလောင်းကို ဖြစ်စဉ်နေရာကနေ သိမ်ဆိပ် ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
