၂၀.၈.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ ချင်းကောင်ခရိုင်ရှိ အဓိကဈေးဝယ်စင်တာတစ်ခုတွင် ရွှေဆိုင်တစ်ဆိုင်ကို ဩဂုတ်လ အစောပိုင်းက လက်နက်ကိုင်လုယက်မှုနှင့် ဆက်စပ်၍ အလိုရှိနေသော သံသယရှိသူနှစ်ဦးအား လာအိုနိုင်ငံတွင် ဩဂုတ်လ ၁၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လာအိုရဲတပ်ဖွဲ့သည် ဩဂုတ်လ ၁၉ ရက်က ဘိုကီယိုပြည်နယ်တွင် စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။ သံသယရှိသူများတွင် လက်နက်ကိုင်ဆောင်ထားကြောင်း သတင်းများရရှိခဲ့ပြီးနောက် ရဲများက ဖမ်းဆီးမှုများမပြုလုပ်မီ နယ်မြေကို ဝိုင်းရံပြီး လုံခြုံရေးယူရန် စစ်တပ်နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
သံသယရှိသူများမှာ ဘိုကီယိုပြည်နယ်၊ ဟွေးဆိုင်ခရိုင်၊ ခွန်ကေးရွာတွင် နေထိုင်သော မုန်းတိုင်းရင်းသား ဆွမ်ချိုင်း သစ်ဖဗန် (၃၂ နှစ်) နှင့် ဟွေးဆိုင်ရှိ ဟွေးဆိုင်နူးအာရွာမှ လှေမောင်းသူ အိုင်း ဗီလိုင်ဆပ် (၃၁ နှစ်) တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့သည်။
သြဂုတ်လ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ချင်းကောင်မြို့ရှိ Lotus ဈေးဝယ်စင်တာအတွင်းမှ Yaowarat Krungthep အမည်ရှိ ရွှေဆိုင်ခွဲတစ်ခုကို လက်နက်ကိုင်အမျိုးသားနှစ်ဦးက ဝင်ရောက်စီးနင်းခဲ့သည့် လုယက်မှုတစ်ခုအပေါ် စုံစမ်းစစ်ဆေးမှုများအရ ဤကဲ့သို့ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လုယက်သူများက ရွှေဆိုင်အား ဓားပြတိုက်အပြီးတွင် ဘတ် ၁၃ သန်းခန့်တန်ဖိုးရှိသော ရွှေလက်ဝတ်ရတနာ ၁၈၄ ခုနှင့်အတူ မဲခေါင်မြစ်ကို ဖြတ်ကျော်ကာ ဘိုကီယို သို့ ဝင်ရောက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။
ဩဂုတ်လ ၁၉ ရက်က ဖမ်းဆီးမှုများအတွင်း သံသယရှိသူများကို လက်လုပ်သေနတ်များ ကိုင်ဆောင် ထားသည်ကို တွေ့ရှိခဲ့သည်။ ထိုလက်နက်များက လုယက်မှုတွင် အသုံးပြုခဲ့သော လက်နက်များ ဟုတ်မဟုတ်ကိုမူ လာအိုအရာရှိများက မဆုံးဖြတ်ရသေးပေ။။ လုယက်ခံရသော ရွှေရတနာများ၏ ရှိမည့်နေရာကိုလည်း မသိရသေးဟုဆိုသည်။
လာအိုအာဏာပိုင်များသည် ဆွန်ချိုင်းအား လုယက်မှုဖြင့် ကနဦးတွင် တရားစွဲဆိုခဲ့ပြီး အိုင်းအား ကြံရာပါအဖြစ် ပါဝင်ပတ်သက်ခဲ့သည်ဟု စွပ်စွဲထားသည်။
ဖမ်းဆီးမှုများအပြီးတွင် လာအိုအာဏာပိုင်များက လာအိုရဲအရာရှိများနှင့် လာရောက်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသော ချင်းကောင်ရဲစခန်းနှင့် ချင်းရိုင်းပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိများကို ဆက်သွယ်ခဲ့ကြသည်။
ချင်းကောင်ရဲတပ်ဖွဲ့က ရွှေဆိုင်လုယက်သူများကို ဖမ်းဆီးရာတွင် သဲလွန်စပေးသူအား ဘတ် ၁၀၀,၀၀၀ ဆုငွေချီးမြှင့်မည်ဟု ကမ်းလှမ်းထားခဲ့သည်။
Ref: Bangkok Post
