၂၀.၈.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုတိုက်နယ်၊ ကြို့ကုန်းကျေးရွာတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ရေချိုးရန်ထွက်သွားရာမှ ရေစီးနှင့်အတူမျောပါကာ သေဆုံးသွားသည့် ရုပ်အလောင်းကို ဩဂုတ်လ ၁၉ ရက် ညနေ ၃ နာရီခွဲခန့်က ပြန်လည်တွေ့ရှိခဲ့ကြောင်း ကလေးငယ်၏ ဆွေမျိုးတော်စပ်သူများထံမှ သိရသည်။
ရေကြီးနေသော လေးမျက်နှာမြို့နယ်၊ အိုင်သပြုတိုက်နယ်တွင် ဩဂုတ်လ ၁၈ ရက် ညနေ ၄ နာရီခန့်က အသက် ၁၀ နှစ်ခန့်အရွယ် တတိယတန်းတွင် ပညာသင်ကြားနေသော မောင်ကောင်းပြည့်စုံမှာ ရေချိုးသွားမည်ဟုဆိုကာ နေအိမ်မှထွက်လာရာမှ ပျောက်ဆုံးနေခဲ့ပြီး ဩဂုတ်လ ၁၉ ရက် ညနေ ၃ နာရီခွဲတွင် ကြို့ကုန်းရွာအနီး မြောင်းထဲရှိ ခြုံအနီးတွင် သေဆုံးနေသော ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။



“ကလေးက ကျောင်းဆင်းအပြန်မှာ အိမ်ကနေ ရေချိုးသွားမယ်ဆိုပြီး တစ်ခေါက်ပြန် ထပ်ထွက်တာ။ သူ့အမေက ဖိနပ်စီးမသွားနဲ့ဆိုလို့ ဖိနပ်ချွတ်ခဲ့ပြီး ကလေးက စက်ဘီးဆွဲသေးလို့ သားရေ ရေတွေစီးနေလို့ စက်ဘီးယူမသွားနဲ့ပြောလို့ ကလေးက တုတ်လေးတစ်ချောင်းကိုင်ပြီး ထွက်သွားပြီး ပျောက်သွားတာ။ သူ့အမေကလည်း ငါးကြော်လက်စဆိုတော့ ငါးကြော်ပြီးတော့ လိုက်ရှာတော့မတွေ့တော့ဘူး”ဟု ကလေးငယ်၏ အမျိုးတော်စပ်သူတစ်ဦးက ပြောသည်။
ရေကြီးရေလျှံမှုဖြစ်ပွားချိန်တွင် ကလေးသူငယ်နှင့်လူကြီးများအနေဖြင့် သွားလာရာတွင် သတိထားဆင်ခြင်သင့်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ဇူလိုင်လ ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်ကာ ရေစီးဆင်း၍ ရေဝင်ရောက်ပြီး လေးမျက်နှာမြို့ပေါ်ရှိ ရပ်ကွက် ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေကြီးနစ်မြုပ်မှုကြောင့် သေဆုံးသူငါးဦးအထိရှိလာသည်။
လေးမျက်နှာမြို့နယ်၊ အိုင်သပြုတိုက်နယ်တွင် ကျေးရွာအုပ်စု၂၀ ကျော်နှင့် ကျေးရွာပေါင်း ၆၀ ကျော်ရှိပြီး လေးမျက်နှာမြို့နယ်အတွင်း ရေဘေးဒဏ် ပြင်းထန်စွာခံစားရသည့် ဒေသထဲတွင် တစ်ခု ပါဝင်သည်။
ငဝန်တာကျိုးပြီး ရေကြီးရေလျှံမှုကြောင့် သေဆုံးမှုဖြစ်စဥ်များမှာ ဩဂုတ်လ ၃ ရက် ညနေပိုင်းက လေးမျက်နှာမြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ နေအိမ်အောက်ထပ်တွင် စိတ်ကျန်းမာရေးချို့တဲ့သူ အသက် ၆၉ နှစ်အရွယ် အဘွားအိုတစ်ဦး ပုပ်ပွသေဆုံးနေမှု၊ သြဂုတ်လ ၅ရက် နံနက်ပိုင်းက လေးမျက်နှာမြို့နယ် ၊အိုင်သပြုကျေးရွာတွင် ရေဘေးကူညီကယ်ဆယ်ရေးလာရောက်လုပ်ကိုင်သူ အသက် ၂၀ အရွယ် လူငယ်တစ်ဦး ရေဘေးသင့်သူများကို ထမင်းထုပ်ဝေပြီးအပြန်တွင် လူသွားရန်ကြိုးတန်းထားသောကြိုးကို လက်မှကိုင်၍ ကမ်းကူးရာမှ လက်မှလွတ်သွားကာ ရေစီးဖြင့်မျောပါကာ ရေနစ်သေဆုံးခဲ့မှု၊ သြဂုတ်လ ၁၇ရက် ညနေပိုင်းက ဟင်္သာတခရိုင်၊ တလုတ်ထော်မြို့နယ်၊ လဟာပကျေးရွာတွင် ရေမြင့်တက်လာမှုကြောင့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ယာယီခိုလှုံနေထိုင်သော ဘုန်းတော်ကြီးကျောင်းမှ နေအိမ်သို့ ခေတ္တပြန်ကြည့်စဥ် လမ်းခုလတ်၌ ခြေချော်ကျကာ ရေနစ်သေဆုံးခဲ့မှုနှင့် သြဂုတ်လ ၁၈ ရက် ည ၇ နာရီခန့်က ငါးသိုင်းချောင်းမြို့၊ ဘုရားလမ်းနှင့် အောင်ဇေယျလမ်းဆုံအနီးတွင် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုတို့ ဖြစ်ပွားခဲ့သည်။
