◾ မြန်မာနိုင်ငံ၌ လယ်ယာသုံး Tractor များ ထုတ်လုပ်နိုင်ရေးကို ၂၀၂၇ ခုနှစ်အစပိုင်းတွင် စတင်နိုင်ရန် ရည်မှန်းထားပြီး မြို့ပြသုံးယာဉ်များနှင့် စက်ယန္တရားများ ထုတ်လုပ်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပါ ပြောကြား
သတိုး
၂၀. ၈. ၂၀၂၆
ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍများသည် အပြိုင်အဆိုင်မဟုတ်ဘဲ အပြန်အလှန်ဖြည့်ဆည်းပေးနေခြင်း ဖြစ်ကြောင်းနှင့် အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် သံန္နိဋ္ဌာန် ချထားသလို ပူးပေါင်းဆောင်ရွက်ရန် အကန့်အသတ်မရှိကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံအဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ဘယ်လာရုစ်ဝန်ကြီးချုပ် H.E. Mr. Aleksandr Turchin က ပြောကြားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန် ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံ၌လိုအပ်သည့် ကုန်ပစ္စည်းများကို ဘယ်လာရုစ်မှ တင်ပို့ရောင်းချရုံသာမက မြန်မာနိုင်ငံအတွင်း၌ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နည်းပညာလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ရန် တိကျသော အချိန်ဇယားရှိပါကြောင်း ယနေ့ ဩဂုတ် ၂၀ ရက်က မင့်စ်မြို့၌ ကျင်းပသည့် ဘယ်လာရုစ်-မြန်မာ စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည်။
ဘယ်လာရုစ်ဝန်ကြီးချုပ်က အဓိကထား ပြောကြားခဲ့သည်များမှာ မြန်မာနှင့် ဘယ်လာရုစ်အကြား ပထဝီအကွာအဝေးသာ ခြားနားသော်လည်း တူညီမှုများစွာရှိကြောင်း၊ မြန်မာနိုင်ငံလိုအပ်သည့် ကုန်ပစ္စည်းများကို ရောင်းချခြင်းတစ်ခုတည်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နိုင်ရန် နည်းပညာလွှဲပြောင်းပေးပြီး စက်ရုံနှင့် ထုတ်လုပ်မှုလုပ်ငန်းများ ဖော်ဆောင်ရန် တိကျသည့်အချိန်ဇယားဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လယ်ယာသုံး Tractor များ ထုတ်လုပ်နိုင်ရေးကို ၂၀၂၇ ခုနှစ်အစပိုင်းတွင် စတင်နိုင်ရန် ရည်မှန်းထားပြီး မြို့ပြသုံးယာဉ်များနှင့် စက်ယန္တရားများ ထုတ်လုပ်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းရန် အသင့်ရှိသကဲ့သို့ လမ်း၊ တံတား၊ လူနေအိမ်နှင့် အခြားဆောက်လုပ်ရေးလုပ်ငန်းများတွင် ဘယ်လာရုစ်၏ အတွေ့အကြုံနှင့် နည်းပညာများဖြင့် ပါဝင်ဆောင်ရွက်လိုကြောင်းလည်း ဘယ်လာရုစ်ဝန်ကြီးချုပ် H.E. Mr. Aleksandr Turchin က ပြောကြားခဲ့သည်။
အလားတူ မြန်မာနိုင်ငံ၌ ဖိနပ်နှင့် သားရေဆက်စပ်ပစ္စည်း စက်ရုံများ တည်ထောင်၍ နည်းပညာနှင့် ကျွမ်းကျင်မှုများ လွှဲပြောင်းပေးရန်နှင့် ထုတ်လုပ်သည့်ကုန်ပစ္စည်းများကို မြန်မာဈေးကွက်သာမက အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်ရန် ရည်ရွယ်ထားကြောင်း၊ ဘယ်လာရုစ်နိုင်ငံအနေဖြင့် ရော်ဘာအပါအဝင် မြန်မာ့ကုန်ကြမ်းနှင့် လယ်ယာထွက်ကုန်များ ပိုမိုဝယ်ယူရန် စိတ်ဝင်စားပြီး အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ အရည်အသွေးရှိသည့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို သင့်တင့်သည့်ဈေးနှုန်းဖြင့် ဖြည့်ဆည်းပေးပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ထုတ်လုပ်နိုင်ရေး Localization ဆောင်ရွက်ရန် ရည်ရွယ်ကြောင်းလည်း ဘယ်လာရုစ်ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့အပြင် နေပြည်တော်၌ Technology Park ဆောင်ရွက်နိုင်ကြောင်း၊ သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးနည်းပညာ၊ AI နှင့် အာကာသနည်းပညာကဏ္ဍများတွင် ဘယ်လာရုစ်ဘက်က နည်းပညာပံ့ပိုးပေးရန် အသင့်ရှိကြောင်း၊ စက်ရုံများနှင့် နည်းပညာများ ပေးအပ်ခြင်းနှင့်အတူ မြန်မာနိုင်ငံတွင် နည်းပညာကျွမ်းကျင်သူများ မွေးထုတ်နိုင်ရေး အရေးကြီးပြီး ဘယ်လာရုစ်တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများမှတစ်ဆင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း၊ စီမံကိန်းများ လက်တွေ့အကောင်အထည်ဖော်ရာတွင် ငွေကြေးနှင့် ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အရေးကြီးပြီး နှစ်နိုင်ငံအကြား ကုန်ပစ္စည်းများ ချောမွေ့စွာစီးဆင်းနိုင်မည့် လမ်းကြောင်းများကိုလည်း စဉ်းစားပြင်ဆင်ထားပြီးဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြားရှိ အဆင့်မြင့်နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့စီးပွားရေးအကျိုးရလဒ်များအဖြစ် ပြောင်းလဲဖော်ဆောင်ပြီး သဘောတူထားသည့် စီမံကိန်းများကို အမြန်ဆုံး စတင်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ဘယ်လာရုစ်ဝန်ကြီးချုပ် H.E. Mr. Aleksandr Turchin က အလေးထားပြောကြားခဲ့သည်။
