သတိုး
၂၀. ၈. ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ဥခီယားမြို့နယ်ရှိ ဘင်္ဂလီဒုက္ခသည်စခန်းအတွင်း နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးတစ်ခုပြုလုပ်စဉ် ဘင်္ဂါလီ ARSA အကြမ်းဖက်အဖွဲ့မှ တပ်မှူးတစ်ဦးနှင့် နောက်လိုက်တစ်ဦးတို့အား တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးခံရသူများမှာ ARSA တပ်မှူး မိုဟာမက် အာလမ် (ခ) မူဆာ (၄၀ နှစ်) နှင့် ၎င်း၏အပေါင်းပါ အဗ္ဗဒူ ဟာဖေးဇ် (၂၂ နှစ်) တို့ဖြစ်သည်။ သတင်းအချက်အလက် ရရှိမှုအပေါ် အခြေခံ၍ ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၁၉ ရက်) ည ၉ နာရီခန့်တွင် ဥခီးယားဒုက္ခသည်စခန်းရှိ စခန်း (၆) ဧရိယာမှ ၎င်းတို့နှစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဘင်္ဂါလီစခန်းများအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးတာဝန်ယူထားသည့် အမှတ် (၁၄) လက်နက်ကိုင်ရဲတပ်ရင်း (APBN) ၏ တပ်ရင်းမှူး (ဒုတိယရဲမှူးကြီး) မိုဟာမက် စီရတ် အာမင် က ယင်းဖြစ်စဉ်ကို အတည်ပြုပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ “လျှို့ဝှက်သတင်းအချက်အလက်များအရ ARSA တပ်မှူး မိုဟာမက် အာလမ် (ခ) မူဆာ နှင့် ၎င်း၏အပေါင်းပါ အဗ္ဗဒူ ဟာဖေးဇ် တို့သည် စခန်း (၆) ဧရိယာအတွင်း ခိုလှုံနေထိုင်နေကြောင်း သိရှိခဲ့ရပါတယ်။ သတင်းရရှိတာနဲ့ စခန်းအတွင်း ပိတ်ဆို့ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ပြီး အဲဒီနှစ်ဦးစလုံးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ပဏာမ စစ်ဆေးမေးမြန်းမှုတွေအတွင်း သူတို့ဟာ ARSA လက်နက်ကိုင်အဖွဲ့ရဲ့ တက်ကြွလှုပ်ရှားသူ အဖွဲ့ဝင်များဖြစ်ကြောင်း ဝန်ခံထားကြပါတယ်” ဟု ပြောကြားခဲ့သည်။
APBN ၏ သတင်းရင်းမြစ်များအရ မူဆာသည် ဥခီးယားရဲစခန်းတွင် အမှုဖွင့်ထားသည့် လူသတ်မှုတစ်ခု၌ တရားခံအမှတ်စဉ် (၂၉) အဖြစ် ပါဝင်သူဖြစ်သည်။ ထို့ပြင် ၎င်းသည် လူသတ်မှု၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှုများ အပါအဝင် အခြားသော ပြစ်မှုပေါင်းများစွာဖြင့် ဥခီးယားရဲစခန်းတွင် တရားစွဲဆိုခံထားရသူလည်း ဖြစ်သည်။
တရားဥပဒေစိုးမိုးရေးအဖွဲ့များ၏ မှတ်တမ်းများအရ မူဆာပါဝင်သည့် အဆိုပါအမှု အတော်များများအတွက် စွပ်စွဲချက်လွှာများ လွှဲပြောင်းတင်သွင်းထားပြီးဖြစ်ကာ လက်ရှိတွင် တရားရုံး၌ စစ်ဆေးကြားနာရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။
မူဆာသည် လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနှင့် လက်နက်ဆိုင်ရာပြစ်မှုများ အပါအဝင် ပြစ်မှုပေါင်းများစွာတွင် ပါဝင်ပတ်သက်မှုဖြင့် စွပ်စွဲခံထားရပြီး ကာလရှည်ကြာ ထွက်ပြေးတိမ်းရှောင်နေသူဖြစ်သည်။
ဖမ်းဆီးရမိသူ နှစ်ဦးအား ဆက်လက်အရေးယူနိုင်ရန် ဥခီးယားရဲစခန်းသို့ လွှဲပြောင်းပေးအပ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း APBN တပ်ရင်းမှူး စီရတ် အာမင် က ဆက်လက်ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်က မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ARSA အကြမ်းဖက်မှုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးသွားသူ ဘင်္ဂါလီ ၈၂၈,၈၂၄ ဦး စာရင်းအနက် ၄၂၆,၅၄၅ ဦးကို စိစစ်ခဲ့ပြီး ၎င်းတို့အနက် ၃၀၈,၇၉၇ ဦးမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် လာရောက်နေထိုင်ခဲ့သူများဖြစ်ကြောင်း၊ ၄,၂၄၁ ဦးမှာ အကြမ်းဖက် လုပ်ရပ်များတွင် ပါဝင်ပတ်သက်နေကြောင်း ထုတ်ပြန်မှုကြောင့် ဘင်္ဂလားဒေ့ရှ်က ARSA အကြမ်းဖက်များအား စစ်ဆေးဖမ်းဆီးစဥ် အထက်ပါနှစ်ဦးကို ဖမ်းမိခဲ့ခြင်းလည်းဖြစ်သည်။
Ref: Voice 7 News
