နေမိုး
၂၀. ၈ . ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ်နဲ့ အနောက်ဘက်မုခ်ကြားရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ရုံးခန်းကိုအကြမ်းဖက်သမားလေးဦးက ဒီနေ့ ဩဂုတ်လ ၂၀ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်အချိန်က အဓမ္မဝင်ရောက်ပြီး YMBA ဗဟိုအတွင်းရေးမှူးကို ဖမ်းဆီးခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ မီဒီယာတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
ဖြစ်စဉ်က ရွှေတိဂုံဘုရား ပရဝဏ်နဲ့ သိင်္ဂုတ္တရကုန်းတော်ပန်းခြံအနီးမှာရှိတဲ့ YMBA ရုံးခန်းအတွင်း ဦးမောင်မောင်ညွန့် (ဗဟိုအတွင်းရေးမှူး)၊ ဒေါ်မြတ်စုလှိုင် (ရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူး)၊ ဦးထူးဟန်၊ ဦးတင်ဆန်းနဲ့ မစန်းတို့ငါးဦးရှိနေချိန် အကြမ်းဖက်သမားလေးဦးဝင်လာပြီး ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်ကို လူနှစ်ဦးက ဖမ်းဆီးချုပ်နှောင်ပြီး အဝါရောင်တိတ်နဲ့ ချည်နှောင်နေချိန် ဦးထူးဟန်၊ ဦးတင်ဆန်းနဲ့ မစန်းတို့သုံးဦးက ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ NOM က ဖော်ပြပါတယ်။
အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူး ဒေါ်မြတ်စုလှိုင်ကို ကျန်တဲ့အကြမ်းဖက်သမားနှစ်ဦးက သေနတ်ပြဖမ်းဆီးချိန် ပြန်လည်ခုခံပြီး အော်ဟစ်အကူအညီတောင်းလို့ အကြမ်းဖက်သမားလေးဦးက ဦးမောင်မောင်ညွန့်ပိုင် ကားနဲ့ မောင်းနှင်ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့လူများစွာဝိုင်းလာလို့ ခြေလျင်ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရသလို ဦးမောင်မောင်ညွန့်ပိုင် တယ်လီဖုန်းကို လုယက်ယူဆောင်သွားကြတယ်လို့ သိရပါတယ်။
အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးဖို့ ကြိုးပမ်းတာကြောင့် ဦးမောင်မောင်ညွန့်ဟာ ညာဘက်မျက်လုံးဖူးယောင် ပေါက်ပြဲဒဏ်ရာ၊ အပေါ်သွားနာကျင်၊ ခါးနာကျင်ဒဏ်ရာတွေရခဲ့ပြီး ဒဂုံမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပြီး တရားခံ ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
MT News သတင်းဌာနအနေနဲ့ ဒီဖြစ်စဥ်ကို တာဝန်ရှိသူတွေထံ ဆက်သွယ် စုံစမ်းနေပြီး ထပ်မံသိရှိရတာ ဆက်လက် ဖော်ပြပေးပါမယ်။
