သက်တံ့
၂၀. ၈. ၂၀၂၆
ဗဟိုအာဖရိက သမ္မတနိုင်ငံ (CAR) ၌ အင်္ဂါနေ့က ဖြစ်ပွားခဲ့သည့် ရွှေတွင်းပြိုကျမှုကြောင့် လူအများအပြား သေဆုံး၊ ဒဏ်ရာရရှိမှုတွင် သေဆုံးသူအရေအတွက် လူ ၁၀၀ ကျော်အထိ မြင့်တက်လာပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံအနောက်ပိုင်းရှိ ဇမ်ဘိုးယဲ (Zamboye) ကျေးရွာတွင် ရွှေတွင်းပြိုကျခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားကာ သေဆုံးသူအရေအတွက် အတိအကျကိုမူ သီးခြားဖော်ပြထားခြင်း မရှိသော်လည်း အခြားအာဏာပိုင်များက သေဆုံးသူ ၁၀၀ ထက်မနည်းရှိကြောင်း သတင်းဌာနများနှင့် ဒေသတွင်း မီဒီယာများသို့ ပြောကြားခဲ့သည်။
ထို့အတူ ကြက်ခြေနီ စေတနာ့ဝန်ထမ်းတစ်ဦးကလည်း ယခုအချိန်အထိ ရုပ်အလောင်း ၁၀၀ ကျော် ပြန်လည်ရှာဖွေတွေ့ရှိထားကြောင်း Associated Press (AP) သတင်းဌာနသို့ ပြောကြားခဲ့သည်။

အလားတူ ဖြစ်စဉ်နေရာအနီးရှိ ဘာဘူအာ (Baboua) မြို့၏ အစိုးရရှေ့နေက မြေအောက်လိုဏ်ခေါင်း အများအပြား ပြိုကျခဲ့ခြင်းဖြစ်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကင်မရွန်းနိုင်ငံ အရှေ့ပိုင်းဒေသ အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ အခင်းဖြစ်ပွားရာနေရာတွင် ကင်မရွန်းနိုင်ငံသား အများအပြားလည်း အလုပ်လုပ်ကိုင်နေကြသည်ဟု သိရသည်။
“ကင်မရွန်းနိုင်ငံသားတွေရဲ့ ရုပ်အလောင်းတွေကို နေရပ်ပြန်ပို့နိုင်ဖို့ ဗဟိုအာဖရိကက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဂရီဂွား အမ်ဗွန်ဂို (Grégoire Mvongo) က ဗုဒ္ဓဟူးနေ့တွင် ကင်မရွန်း သတင်းထောက်များကို ပြောကြားခဲ့ပြီး ယခုအချိန်အထိ ရုပ်အလောင်း ၄ လောင်း သို့မဟုတ် ၅ လောင်း လက်ခံရရှိထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဇမ်ဘိုးယဲ လူငယ်ကောင်စီအဖွဲ့ဝင် ဘာထရန် ဘီယန်းဂေး (Bertrand Be Yangué) က သေဆုံးသူအရေအတွက်မှာ ၁၀၀ ထက်မကရှိပြီး အခြားသူများလည်း ပြင်းထန်စွာ ဒဏ်ရာရရှိထားကာ ပျောက်ဆုံးနေသူအရေအတွက် မသိရသေးသဖြင့် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာနိုင်ကြောင်း AP သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။
အနီးရှိ ဘာဘူအာမြို့၏ မြို့တော်ဝန် အာဆန်း ဂဘာကေး (Arsène Gbaké) က ဗဟိုအာဖရိက ရေဒီယိုစခန်းတစ်ခုနှင့် အင်တာဗျူးတွင် တရားဝင်မဟုတ်သော စာရင်းများအရ သေဆုံးသူ ၁၀၀ ရှိကြောင်း ပြောကြားခဲ့သည်။
ကင်မရွန်း သတင်းဝက်ဘ်ဆိုက်တစ်ခုက Facebook တွင် တင်ထားသည့် ဗီဒီယိုဖိုင်တစ်ခု၌ မြေပြိုကျသည့် စက္ကန့်ပိုင်းကို တွေ့ရှိရသည်။ တောင်စောင်းအပိုင်းတချို့ အောက်သို့ လျှောကျလာစဉ် လူပေါင်းများစွာ ပြုတ်ကျသွားပြီး အချို့မှာ မြေကြီးထဲ စုပ်ယူမြိုချခြင်း ခံခဲ့ရကာ အချို့မှာမူ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြသည်။
ဗဟိုအာဖရိက သမ္မတနိုင်ငံနှင့် ကင်မရွန်း နယ်စပ်နှစ်ဘက်စလုံးရှိ ရွှေတွင်းများတွင် လူအများအပြား မကြာခဏ သေဆုံးလေ့ရှိကြောင်း ကင်မရွန်းအခြေစိုက် Forests and Rural Development အမည်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစိုးရမဟုတ်သောအဖွဲ့အစည်းမှ အီကော်လိုဂျစ်တစ်ဦးဖြစ်သူ ဂျက်စတင် လန်ဒရီ ချီကူအာ (Justin Landry Chekoua) က ပြောကြားခဲ့သည်။ သို့သော် ယခုဖြစ်စဉ်တွင် သေဆုံးသူအရေအတွက်မှာ ပုံမှန်ထက် မရေတွက်နိုင်အောင် အလွန်မြင့်မားနေကြောင်း ၎င်းက ဆိုသည်။
အာဖရိကနိုင်ငံများစွာရှိ ထောင်ပေါင်းများစွာသော လူများသည် တစ်နိုင်တစ်ပိုင်နှင့် အသေးစား သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည်။ အဆိုပါ သတ္တုတွင်းလုပ်သားများသည် အဆိပ်ရှိသော ဓာတ်ပစ္စည်းများနှင့် ကူးစက်ရောဂါများ ကူးစက်နိုင်ခြေရှိသည့်အပြင် တင်းကျပ်လွန်းသော အခြေအနေများအောက်တွင် လုပ်ကိုင်နေကြရပြီး သတ္တုတွင်းပြိုကျမှု ဘေးအန္တရာယ်နှင့်လည်း အမြဲမပြတ် ရင်ဆိုင်နေကြရသည်။ လွန်ခဲ့သည့်နှစ်က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် မတော်တဆမှု အပါအဝင် မတော်တဆမှုကြီးများကို မကြာခဏ သတင်းထုတ်ပြန်လေ့ရှိသည်။

ဗဟိုအာဖရိက သမ္မတနိုင်ငံ၌ အဆိုပါကဏ္ဍသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ တဟုန်ထိုး တိုးတက်လာခဲ့ပြီး ယခင်က စိန်လုပ်ငန်းတွင် လုပ်ကိုင်ခဲ့သည့် အလုပ်သမားအများအပြားမှာ ရွှေလုပ်ငန်းသို့ ပြောင်းရွှေ့လာကြသည်။ တရုတ်ကုမ္ပဏီများသည် ရွှေမည်သည့်နေရာတွင် ရှိသည်ကို သိရှိနိုင်ရန် တရားမဝင် သတ္တုတွင်းလုပ်သားများ၏ နောက်သို့ လိုက်ပါကာ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် မကြာခဏ ပူးပေါင်းဆောင်ရွက်လေ့ရှိပြီး ထို့နောက် တူးဖော်ရန်လိုအပ်သည့် စက်ယန္တရားကြီးများကို ယူဆောင်လာကြကြောင်း မစ္စတာ ချီကူအာ က ပြောကြားခဲ့သည်။
“မကြာခဏ ဖြစ်လေ့ရှိတာက အဲဒီကုမ္ပဏီတွေ ထွက်သွားတဲ့အခါ ကျင်းတွေကို ပြန်မဖုံးကြပါဘူး။ သူတို့ မြေကျင်းတူးတယ်၊ ပြီးတော့ ဒီအတိုင်း ပစ်ထားခဲ့ကြပါတယ်” ဟု ၎င်းက ပြောသည်။
ထိုသတ္တုတွင်းများသည် အလွယ်တကူ ဝင်ရောက်နိုင်လွန်းသဖြင့် အသက် ၃ နှစ်မျှသာရှိသေးသည့် ကလေးငယ်များပင် လာရောက်လုပ်ကိုင်လေ့ရှိကြောင်း ၎င်းက ဆိုသလို “ဒါဟာ မကြာခဏ ဘေးအန္တရာယ် ပေးနိုင်ပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
Ref: New York Times
