၂၀.၈.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်သမ္မတဒေါ်နယ်ဒ်ထရမ့်ပ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ အခုနှစ်နှောင်းပိုင်းမှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဩဂုတ်လ ၁၉ ရက်မှာ ပြောကြားခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံဟာ အလွန်အစွမ်းထက်တဲ့ နျူကလီးယားလက်နက် ၅၇ ခုကို ကိုင်ဆောင်ထားတယ်လို့လည်း ပြောခဲ့ပါတယ်။
တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လုံးဝသင့်လျော်မှုမရှိဘဲ ရန်လိုခြင်းဟု ပြောကြားကာ ခေတ္တဖြတ်တောက်ဖို့ ထရမ့်ပ်က ပင်တဂွန်အရာရှိများအား အမိန့်ပေးခဲ့ပါတယ်။ အခုနှစ်နှောင်းပိုင်းမှာ ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ခြင်း ရှိ၊ မရှိ ဩဂုတ်လ ၁၉ ရက်မှာ မေးမြန်းတဲ့အခါ ထရမ့်ပ်က “ဟုတ်ပါတယ်၊ ကျွန်တော် တွေ့ ဖြစ်မှာပါ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပြန်လည်စေ့စပ်ဖို့ ကြိုးပမ်းမှုအပြီးမှာ ကင်ထံမှ တုံ့ပြန်မှုကို ရရှိခဲ့တယ်လို့ ထရမ့်ပ်က ဩဂုတ်လ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ ယခုဆောင်းဦးရာသီမှာ ကင်နဲ့ လူချင်းတွေ့ဆုံဖို့ လက်ထောက်တွေကို တွန်းအားပေးခဲ့တယ်လို့ Wall Street Journal က ဖော်ပြခဲ့ပါတယ်။
ထရမ့်ပ်ရဲ့နောက်ဆုံးမှတ်ချက်အပေါ် မှတ်ချက်ပေးရန် တောင်းဆိုမှုကို နယူးယော့ခ်ရှိ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအဖွဲ့က ချက်ချင်းတုံ့ပြန်မှုမရှိပေမယ့် ကင်ရဲ့ သြဇာကြီးမားတဲ့ညီမ ကင်ယိုဂျုံက နှစ်နိုင်ငံခေါင်းဆောင်တွေကြား မကြာသေးမီကာလအတွင်း ဆက်သွယ်မှုတစ်စုံတစ်ရာ ရှိတယ်လို့ သူမ သတိမထားမိဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ကင်ယိုဂျုံက အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေကြား ဆက်ဆံရေးဟာ အမှန်တကယ် ကောင်းမွန်တယ်လို့ဆိုရမှာဖြစ်ပေမယ့် အမေရိကန်အစိုးရဟာ တောင်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်နေပြီး မြောက်ကိုရီးယားရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ဟာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တို့မှာ ကင်နဲ့ မကြုံစဖူး ထိပ်သီးအစည်းအဝေးတွေ ကျင်းပခဲ့ပေမယ့် အမေရိကန်ရဲ့မြောက်ကိုရီးယားကို နျူကလီးယားလက်နက်စွန့်လွှတ်ဖို့ တောင်းဆိုမှုတွေကြောင့် သံတမန်ရေးရာ ကြိုးပမ်းမှုတွေ ပျက်ပြားခဲ့ပါတယ်။ ထရန့်ပ်ဟာ မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ပိုင်နိုင်ငံအဖြစ် ထပ်ခါတစ်လဲလဲပြောခဲ့ပြီး သူ့ရဲ့အုပ်ချုပ်ရေးယန္တရားက နိုင်ငံရဲ့နျူကလီးယားကင်းစင်ရေးကို ဆက်လက်တောင်းဆိုနေပါတယ်။ နောက်ပိုင်းမှာ ထရမ့်ပ်က မြောက်ကိုရီးယားကို နျူကလီးယားပါဝါအဖြစ် အကြိမ်ကြိမ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
ထရမ့်ပ်က သူ့ရဲ့ သမ္မတဒုတိယသက်တမ်းအတွင်းမှာတော့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းလာခဲ့ပါတယ်။
ထရမ့်ပ်က “ကျွန်တော် ကင်ဂျုံအန်ကို ကောင်းကောင်းသိပါတယ်၊ ကျွန်တော်တို့မှာ ထက်မြက်တဲ့ သမ္မတတစ်ယောက်ရှိနေသရွေ့ သူအဆင်ပြေနေမှာပါ” လို့ ဩဂုတ် ၁၉ ရက်မှာ သတင်းထောက်တွေကို အိမ်ဖြူတော်မှာပြောကြားခဲ့ပါတယ်။ သူကဆက်ပြီးတော့ “ကျွန်တော် သူနဲ့ ပေါင်းသင်းရတာက ကောင်းပါတယ်၊ ဆိုးတာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူ့မှာ အလွန်အစွမ်းထက်တဲ့ နျူကလီးယား လက်နက် ၅၇ ခု ရှိတယ်။ ဒါကိုတော့ ဘယ်တော့မှ ခွင့်မပြုသင့်ဘူး။ ငါသမ္မတဖြစ်ခဲ့ရင် ခွင့်ပြုခဲ့မှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့မှာရှိတယ်။” လို့ ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားက ကိုင်ဆောင်ထားတဲ့ နျူကလီယားလက်နက် အရေအတွက် အတိအကျကို ထရမ့်ပ်ရဲ့ ကိုးကားပြောဆိုမှုဟာ အလွန်ထူးခြားပါတယ်။
အမေရိကန်အစိုးရဟာ မြောက်ကိုရီးယားရဲ့ နျူလက်နက်တိုက်ဆိုင်ရာ ခန့်မှန်းချက်ကို တရားဝင်ထုတ် ပြန်မှုမရှိခဲ့ပေမယ့် ကွန်ဂရက်လွှတ်တော်သုတေသနဌာနက ၂၀၂၅ ခုနှစ် အစီရင်ခံစာမှာ မြောက်ကိုရီးယားဟာ ထိပ်ဖူး ၉၀ အထိ ထုတ်လုပ်ခဲ့ပြီး ၅၀ ခန့် တပ်ချထားနိုင်တယ်လို့ အစိုးရမဟုတ်တဲ့ ကျွမ်းကျင်သူတွေကို ကိုးကားဖော်ပြခဲ့ပါတယ်။
Ref: Reuters
