သက်တံ့
၂၀. ၈. ၂၀၂၆
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မြောက်ဘက်ရှိ ရှင်းခနုမ (Shin-Kanuma) ဘူတာ၌ အလုပ်သမားလေးဦး ရထားတိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါ မတော်တဆမှုမှာ ဒေသစံတော်ချိန်အရ ကြာသပတေးနေ့ နံနက် ၁၀:၄၆ နာရီ (GMT ၀၁:၄၆) ခန့်က အလုပ်သမားများ ရထားသံလမ်းပေါ်ရှိ ပေါင်းပင်များ ရှင်းလင်းနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။
အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာသို့ ရောက်ရှိချိန်တွင် အလုပ်သမားသုံးဦးမှာ ရထားအောက်၌ ပိမိနေပြီး တစ်ဦးမှာ ဘူတာရုံ ပလက်ဖောင်းပေါ်တွင် ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ မတော်တဆမှုကြောင့် တိုဘု-နစ်ခိုး (Tobu Nikko) လိုင်း ရထားပြေးဆွဲမှုကို ဆိုင်းငံ့ထားကြောင်း အဆိုပါရထားလိုင်းအား ပြေးဆွဲနေသည့် ကုမ္ပဏီက သတင်းထုတ်ပြန်သည်။
ရထားပေါ်ပါ ခရီးသည်တစ်ဦးက ရထား အရေးပေါ် မရပ်တန့်မီ “ထူးဆန်းသည့် အသံတစ်သံ” ကြားလိုက်ရကြောင်း ဂျပန်အမျိုးသား ရုပ်သံလိုင်း NHK သို့ ပြောကြားခဲ့သည်။
ဝန်ထမ်းများက အဆိုပါ အသံဆန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း ကြေညာခဲ့သဖြင့် ခရီးသည်များ ရထားပေါ်၌ ခဏတာ သောင်တင်နေခဲ့ရသည်ဟုလည်း ဆိုသည်။
တိုက်ခိုက်မိသည့် ရထားမှာ အထူးအမြန်ရထား (Limited Express Train) ဖြစ်ကြောင်း NHK က ဖော်ပြသည်။ ထိုရထားများမှာ ကျည်ဆန်ရထားဟု လူသိများသည့် ရှင်ခန်ဆန် (Shinkansen) ရထားများပြီးလျှင် ဂျပန်၌ ဒုတိယအမြန်ဆုံး ရထားများ ဖြစ်ကြသည်။
ပုံမှန်အားဖြင့် သံလမ်းပေါ်တွင် အလုပ်လုပ်နေသူများထံ ရထားလာနေသည်ကို သတိပေးရန် ဝန်ထမ်းတစ်ဦးအား အနီးအနား၌ တာဝန်ချထားလေ့ရှိသော်လည်း မတော်တဆမှု ဖြစ်ပွားခဲ့သည့် ကြာသပတေးနေ့ နံနက်ပိုင်းက အခြေအနေ မည်သို့ရှိသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အဆာဟိ ရှင်ဘွန်း (Asahi Shimbun) သတင်းစာက ဖော်ပြခဲ့သည်။
ကျယ်ပြန့်သည့် ရထားလမ်းကွန်ရက်ကို အဓိက အားထားနေရသည့် ဂျပန်နိုင်ငံတွင် လူသေဆုံးမှုရှိသည့် ရထားမတော်တဆမှုများမှာ ဖြစ်ခဲလှပြီး လက်ရှိဖြစ်စဉ်အပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
Ref: BBC

