၁၄.၈.၂၀၂၆
Translated by Htwe Ko Tun
ဂျပန်နိုင်ငံ၏ လူအစည်ကားဆုံးအားလပ်ရက် ရက်သတ္တပတ်များထဲမှ တစ်ခုအတွင်း တိုကျိုမြို့တော်နှင့် ထိစပ်နေသော ချီဘာစီရင်စု၏ အစိတ်အပိုင်းအချို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၃၆၀ မီလီမီတာကျော်အထိ စံချိန်တင်ရွာသွန်းခဲ့ပြီး လမ်းများနှင့် ရထားလမ်းများကို ရေလွှမ်းမိုးခဲ့ကြောင်း သိရသည်။
စံချိန်တင်မိုးရွာသွန်းမှုကြောင့် သြဂုတ်လ ၁၄ ရက်၌ တိုကျိုနာရီတာလေဆိပ်တွင် ခရီးသွားထောင်ပေါင်းများစွာ သောင်တင်နေပြီး လေဆိပ် အနီးတစ်ဝိုက်ဒေသတွင် ရေကြီးရေလျှံမှုကြောင့် သယ်ယူပို့ဆောင်ရေးကို အနှောင့်အယှက်ဖြစ်စေခဲ့ကာ အိမ်များသို့ လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီး မိုးရွာသွန်းမှုကြောင့် အနည်းဆုံး လူလေးဦး သေဆုံးခဲ့ရကြောင်းလည်း သိရသည်။

အာဏာပိုင်များက ယခုအချိန်အထိ သေဆုံးသူ လေးဦးကို အတည်ပြုထားပြီး တစ်ဦးမှာ ရေနစ်မြုပ်နေသော ယာဉ်တစ်စီးတွင်ပိတ်မိနေပြီး နောက်တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီရန် စစ်သားများကို ထိုဒေသသို့ စေလွှတ်ထားသည်ဟုလည်းဆိုသည်။
ချီဘာအုပ်ချုပ်ရေးမှူး တိုရှီဟီတို ကူမာဂိုင်က “ဒီကိစ္စက အလွန်ထူးခြားတဲ့ အခြေအနေပါ။ ကျွန်တော် အရင်က ဘေးအန္တရာယ်များစွာကို ကြုံခဲ့ပေမယ့် ဒီလိုကိစ္စမျိုး တစ်ခါမှ မကြုံဖူးပါဘူး။” ဟု သြဂုတ်လ ၁၄ ရက် နံနက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
တိုကျိုလျှပ်စစ်ဓာတ်အားပေးရေးကုမ္ပဏီက သြဂုတ်လ ၁၄ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ (0200 GMT) တွင် အိမ်ထောင်စု ၂၂,၀၀၀ ကျော်သည် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခဲ့ကြောင်း ပြောခဲ့သည်။ အဆိုးရွားဆုံးထိခိုက်ခဲ့သည့်နေရာများထဲမှ တစ်ခုဖြစ်သည့် ချီဘာမြို့တွင် လူရာပေါင်းများစွာသည် ယာယီကယ်ဆယ်ရေးစခန်းများအဖြစ် အသုံးပြုသည့် အစိုးရအဆောက်အအုံများတွင် ဖော့စောင်များဖြင့် ညအိပ်ခဲ့ကြရသည်။

သယ်ယူပို့ဆောင်ရေး အနှောင့်အယှက်များကြောင့် နာရီတာလေဆိပ်တွင် လူပေါင်း ၇,၀၀၀ ခန့် ပိတ်မိနေခဲ့ကြောင်း လေဆိပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး သြဂုတ်လ ၁၄ ရက်တွင် လေယာဉ်ခရီးစဉ်အားလုံး ပုံမှန်ပြေးဆွဲရန် စီစဉ်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ဂျပန်လေကြောင်းလိုင်း (9201.T) က လေယာဉ်ခရီးစဉ်အချို့ နှောင့်နှေးမှုများ ရှိနိုင်သော်လည်း လက်ရှိတွင် ဖျက်သိမ်းမှုများ မရှိကြောင်း ပြောကြားခဲ့သည်။
ချီဘာရှိ အဓိကအဝေးပြေးလမ်းမကြီးအချို့ကို ပိတ်ထားခဲ့ပြီး ယာဉ်မောင်းများအား အခြားလမ်းကြောင်းများသို့ ပြောင်းရွှေ့စေခဲ့ကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း အဝေးပြေးလမ်းမကြီး လည်ပတ်သူ NEXCO East ကုမ္ပဏီက ပြောကြားခဲ့သည်။
NHK ရုပ်သံလိုင်း၏ ရုပ်သံမှတ်တမ်းတွင် လေဆိပ်၌ သောင်တင်နေသည့် ခရီးသည်ရာပေါင်းများစွာသည် လေဆိပ်ဝန်ထမ်းများထံမှ စောင်များ၊ ရေဘူးများနှင့် မုန့်များကို ရယူရန် တစ်ညလုံးပင် တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်ကိုတွေ့ရပြီး လေဆိပ်အဆောက်အအုံတစ်လျှောက် အိပ်စက်ခဲ့ကြကြောင်း ပြသခဲ့သည်။ “ဒီခရီးစဉ်ကို ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” ဟု လေဆိပ်တွင် မိသားစုနှင့်အတူ သောင်တင်နေခဲ့သည့် အမေရိကန်ခရီးသွားတစ်ဦးက NHK ကို ပြောကြားခဲ့သည်။
Ref : Reuters

