၁၄.၈.၂၀၂၆
Written By Thandar
Apex Asia Alliances Group ကုမ္ပဏီက ပထမဦးဆုံးခြေလှမ်းအဖြစ် ဦးစီးဖွင့်လှစ်တဲ့ “ရွှေအင်းဝ ဆေးခန်း” ရဲ့ Grand Opening ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ အင်းဝအိမ်ရာ၊ တိုက် (၂) အင်းဝအိမ်ရာထိပ်မှာ ဖွင့်လှစ်ခဲ့ရာ လာရောက်ဆေးကုသသူတွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဒါနပြုခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့တွေက ဆရာနိုင်ဝင်းအောင်ရဲ့ သင်တန်းတက်ပြီးတော့ လုပ်ငန်းတွေမတူညီတဲ့ ညီအစ်ကိုတွေ ပေါင်းစပ်ပြီးတော့ ရည်မှန်းချက်ချင်းတူလို့ ဒီကုမ္ပဏီကို စတင်ဖွဲ့စည်းခဲ့တာပါ။ ကျွန်တော်တို့ကုမ္ပဏီရဲ့ ပထမဦးဆုံး ခြေလှမ်းအဖြစ် အများပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ဒီဆေးခန်းလေးကို စတင်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွှေအင်းဝဆေးခန်းက အကျိုးအမြတ်ဆိုတာထက် လူနာတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဦးစားပေးဆောင်ရွက်မှာပါ။ လူနာတွေကျန်းမာရေးနဲ့ ဝန်ဆောင်မှုအပိုင်း (Patient Care) ကို ရာနှုန်းပြည့် အဓိကဦးစားပေး ဆောင်ရွက်ပေးမှာပါ။ One-Stop Serviceအနေနဲ့ ရောဂါရှာဖွေရေးဓာတ်ခွဲခန်း၊ Ultrasound စတဲ့ ဝန်ဆောင်မှုတွေပါဝင်ပြီးတော့ လူနာတစ်ဦးရဲ့ ကျန်းမာရေးအတွက် ၁ ကနေ ၁၀၀ အထိ တာဝန်ယူပေးချင်ပါတယ်”လို့ ဒေါက်တာ ရဲဟိဏ်းထက်အောင်က MT Entertainment ကိုပြောပါတယ်။

အဆိုပါ ဆေးခန်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဧရာဝဏ်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်ကြီး အမှူးထားပြီး သံဃာတော် ငါးပါးကိုပင့်ဖိတ်ကာ ပရိတရားနာကြားခြင်း၊ ဝတ္ထုငွေ၊ သင်္ကန်းနဲ့ ဆွမ်းခဲဖွယ်တွေ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ဒီဖွင့်ပွဲကို ကြွရောက်လာကြတဲ့ မိတ်ဆွေတွေနဲ့ ဖိတ်ကြားထားသူတွေကို ကြာဆံချက် ပွဲ ၂၀၀ စာနဲ့ ဧည့်ခံကျွေးမွေးခဲ့ပါတယ်။
ဒီဆေးခန်းက နံနက် ၈ နာရီကနေ ည ၈ နာရီအထိ ပိတ်ရက်မရှိ အခမဲ့ကုသပေးမှု အစီအစဉ်အနေနဲ့ ဆေးခန်းစတင်ဖွင့်လှစ်သည့်နေ့မှစပြီး လာရောက်ပြသတဲ့ လူနာတွေအနက် လူနာပေါင်း (၁၀၀) အထိ အခမဲ့ ဆေးကုသပေးသွားမှာဖြစ်ပါတယ်။ ယနေ့ ဖွင့်ပွဲနေ့ တစ်ရက်မှာ လာရောက်ပြသသူတွေကို ကျန်းမာရေးအခမဲ့ကုသမှုနဲ့ Ultrasound အခမဲ့ ရိုက်ကူးပေးတာကို ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။ ဆေးခန်းဖွင့်လှစ်ရခြင်းနဲ့ ပတ်သက်ပြီးပူးတွဲတည်ထောင်သူ ဦးသန်းထိုက်ဝင်း၊ ဦးကျော်စိုးဟိန်း၊ ဒေါက်တာ ရဲဟိဏ်းထက်အောင်၊ ဦးကျော်စွာထွန်းနဲ့ ဦးကျော်မင်းသူတို့က ဆေးခန်းဆိုင်ရာ အသေးစိတ်ချက်တွေကို ပြောပြခဲ့ပါတယ်။
ရွှေအင်းဝဆေးခန်းကနေ တစ်ဆင့် ဆေးခန်းခွဲများစွာနဲ့ ဆေးရုံအဆင့်ထိ တိုးချဲ့ဖွင့်လှစ်သွားဖို့ ရည်ရွယ်မျှော်မှန်းထားတယ်လို့ သိရပါတယ်။
#ဒေါက်တာရဲဟိဏ်းထက်အောင် #YeHeinHtetAung #ရွှေအင်းဝဆေးခန်း #ShweInnwa #သန်းထိုက်ဝင်း #ကျော်စိုးဟိန်း #ကျော်စွာထွန်း #ကျော်မင်းသူ #ThanHkiteWin #KyawSoeHein #KyawMinThu #KyawSwarHtun #ရွှေအင်းဝ





