၁၄.၈.၂၀၂၆
Translated by Htwe Ko Tun
အသက် ၁၃ နှစ်မှ ၁၇ နှစ်ကြားရှိ လူငယ်ခုနစ်ဦးကို မက္ကာဆန်လေဆိပ်ရထားလမ်းဘူတာအနီးတွင် ပျောက်ဆုံးနေခဲ့သော ဂျပန်ကမ္ဘာလှည့်ခရီးသွားတစ်ဦးအား လုယက်မှုနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် သြဂုတ်လ ၁၃ ရက်ညတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ သံသယရှိခံရသူများက ရဲတပ်ဖွဲ့အား ၎င်းတို့သည် ဘတ် ၁,၄၀၀ လုယက်ရန် ခရီးသွားကို လက်သီများဖြင့်ထိုး၍ တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ကြသည်။
သြဂုတ်လ ၁၂ ရက်၊ ည ၈ နာရီခွဲခန့်တွင် မက္ကဆန်လေဆိပ်ရထားလမ်းဘူတာသို့ ဝင်ပေါက်ရှာရန် ကြိုးစားနေစဉ် ဂျပန်ခရီးသွားတစ်ဦး မှားယွင်းစွာ ကွေ့ဝင်သွားခဲ့ရာမှ ဤသို့ လုယက်မှုနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဂျပန်ခရီးသွားက ဘူတာရုံနောက်ဘက် Soi Asok-Din Daeng ရှိ အများပြည်သူပန်းခြံတစ်ခုထဲသို့ လျှောက်သွားခဲ့စဉ် ဆိုင်ကယ်နှစ်စီးဖြင့် ဆယ်ကျော်သက် အမျိုးသားခုနစ်ဦးက ၎င်းထံချဉ်းကပ်လာကာ ငွေတောင်းခံခဲ့သည်။
ခရီးသွားက ငွေပေးရန်ငြင်းဆိုသောအခါ ဆယ်ကျော်သက်အုပ်စုက ၎င်းကို ဝိုင်းဝန်းထိုးနှက်ပြီး ကျောက်ခဲများဖြင့် ထုနှက်ကာ ထွက်ပြေးသွားခဲ့သည်။ ဂျပန်ခရီးသွားမှာ ဒဏ်ရာများရရှိပြီးကျန်ရစ်ခဲ့သည်။
ရဲများက ဒဏ်ရာရရှိသော ခရီးသွားကို အသက် ၄၃ နှစ်အရွယ် ယူကီဟုသာ ဖော်ထုတ်ခဲ့သည်။ တိုက်ခိုက်မှုအပြီးတွင် ယူကီသည် လမ်းကြားဝင်ပေါက်သို့ ထွက်ပြေးခဲ့ပြီး ထိုနေရာတွင် ဆိုင်ကယ်မောင်းသူတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ထိုယာဉ်မောင်းက သူ့ကို ကူညီပေးခဲ့သည်။ မက္ကာဆန်ရဲစခန်းမှူး ရဲမှူးကြီး ဥရမ်ပွန်ခွန်ဒက်ဆမ်ရစ်က ခရီးသွားသည် ထိုအဖြစ်အပျက်အတွင်း ၎င်း၏ခရက်ဒစ်ကတ်လည်း ပျောက်ဆုံးသွားခဲ့ကြောင်း ပြောခဲ့သည်။
သြဂုတ်လ ၁၃ ရက်၊ ည ၇ နာရီ မိနစ် ၂၀ ခန့်တွင် မြို့တော်ရဲတပ်ဖွဲ့ခွဲ (၁) ၏ ဒုတိယတပ်မှူး ရဲမှူးကြီး ဆက်ကာယာ ဆောင်ဝမ်သည် မက္ကာဆန်နှင့် ဒင်ဒင်းရဲစခန်းများမှ စုံစမ်းစစ်ဆေးရေးမှူးများနှင့်အတူ သံသယရှိသူ ခုနစ်ဦးလုံးကို ဖမ်းဆီးနိုင်ခဲ့သည်။
တရားခံဆယ်ကျော်သက်များကို ဒင်ဒင်းရဲစခန်းအနီးရှိ လူနေတိုက်ခန်းများတွင် ခြေရာခံဖမ်းဆီးခဲ့သည်။
စစ်ဆေးမေးမြန်းစဉ် ဆယ်ကျော်သက်များက ၎င်းတို့သည် သားကောင်ကို လက်သီးဖြင့်ထိုး၍သာ တိုက်ခိုက်ခဲ့ပြီး မည်သည့်လက်နက်ကိုမျှ အသုံးမပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့အနက် အချို့သည် ဓားများကို ကိုင်ဆောင်ထားသော်လည်း ၎င်းတို့ အသုံးမပြုကြောင်း အခိုင်အမာ ပြောဆိုခဲ့ကြသည်။
၎င်းးတို့အဖွဲ့က ခရီးသွားထံမှ ဘတ် ၁,၄၀၀ ခန့်ကို ယူဆောင်သွားပြီး ငွေများကို အချင်းချင်း ခွဲဝေပေးခဲ့ကြောင်း၊ ထိုငွေကို အသုံးပြုပြီးဖြစ်ကြောင်း ရဲများကို ပြောကြားခဲ့သည်။
ဆယ်ကျော်သက်များက ယခင်ကလည်း အလားတူနည်းလမ်းဖြင့် အခြားသူများကို အကြိမ်ပေါင်းများစွာ လုယက်ခဲ့ကြောင်းလည်း ဝန်ခံခဲ့ကြသည်။ လူအများစုသည် တွန့်ဆုတ်ခြင်းမရှိဘဲ ငွေပေးခဲ့ကြ သော်လည်း ဂျပန်ခရီးသွားက ငြင်းဆိုသောကြောင့် ၎င်းတို့က သူ့ကို တိုက်ခိုက်ခဲ့ကြသည်ဟု ပြောကြားခဲ့ကြသည်။
အာဏာပိုင်များက ၎င်းတို့ကို ဥပဒေအရ စွဲချက်တင်မှုမပြုမီ အရွယ်မရောက်သေးသူ ခုနစ်ဦးစလုံးနှင့် ပူးတွဲမေးမြန်းရန် ဘက်စုံအဖွဲ့တစ်ဖွဲ့ကို သြဂုတ်လ ၁၄ ရက် တွင်ဖွဲ့စည်းသွားမည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref- Bangkok Post
