၁၄.၈.၂၀၂၆
Written by Linn Eain
ရှုပ်ထွေးဝိုင်ဖိုင်ကြိုးများ ရှင်းလင်းဆောင်ရွက်ရန်အတွက် Port Sharing System တစ်ခု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ BOT စနစ်ဖြင့် ဆောင်ရွက်ရန်ပြင်ဆင်လျက်ရှိပြီး တရားမဝင် ကြိုးသွယ်တန်းမှုများ ထပ်မံမဖြစ်စေရေး စိစစ်ကြပ်မတ်အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ဩဂုတ် ၁၄ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဖြေကြားခဲ့သည်။
လမ်းမတော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးညီညီသွယ်၏ ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ်အတွင်း ဆက်သွယ်ထားသော Internet Wifi ကြိုးများ ရှုပ်ထွေးမှုများကို ရေရှည်စီမံကိန်းချမှတ်ပြီး ဆောင်ရွက်ပေးရေးနှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီး ဝန်ကြီး ဒေါက်တာမျိုးသော်က “ရေရှည်တွင် ယခုကဲ့သို့ ရှုပ်ထွေးကြိုးများ ရှင်းလင်းဆောင်ရွက်နိုင်ရန်အတွက် Internet Service Provider များကိုယ်စား ဖိုင်ဘာကွန်ရက် တည်ဆောက်သည့် Infrastructure ကုမ္ပဏီတစ်ခု၊ ဖိုင်ဘာကြိုးများအား စေလွှတ်၍ အသုံးပြုနိုင်ရန် တည်ဆောက်ပေးသည့် Port Sharing System တစ်ခုအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ BOT စနစ်ဖြင့် စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဖြေကြားခဲ့သည်။
ထို့ပြင် ၀ိုင်ဖိုင်ကြိုးများကို မကြာခင် Underground မြေကြီးထဲသို့ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပြီး ပြီးစီးပါက မလိုအပ်သည့် ကြိုးများ ရှုပ်ထွေးမှုရှိတော့မည်မဟုတ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးက ပြောကြားခဲ့သည်။
“ဒီ Internet Service Provider ဆိုတာ ကျွန်တော်တို့အခု ရှုပ်ထွေးနေတဲ့ Overhead တိုင်တွေမှာ တွေ့ရတဲ့ ဒီ Wifi ကြိုးတွေကို မကြာခင်မှာ ကျွန်တော်တို့က ဒီ Underground ပေါ့၊ မြေကြီးထဲကို ထည့်သွင်းသွားမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ထည့်သွင်းသွားပြီးရင် မကြာမီမှာပဲ အဆိုပါ Port Sharing System တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက တိုင်များပေါ်တွင် ကြိုးများ အများပြားသွယ်တန်းရန် မလိုအပ်သည့်အတွက် ကြိုးများရှုပ်ထွေးမှုကင်းပြီး မြို့တော်လှပသန့်ရှင်းရေးကို အထောက်အကူပြုမည်ဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး ဝန်ကြီး ဒေါက်တာမျိုးသော်က ပြောကြားခဲ့သည်။


ဆက်လက်၍ Port များ ငှားရမ်း အသုံးပြုမည်ဖြစ်သောကြောင့် FTTx Fiber Network များကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းရန် မလိုအပ်ခြင်း၊ အင်တာနက်လိုင်းပြုပြင်ထိန်းသိမ်းရသည့်အခါ အခြား Port တစ်ခုမှ အလျင်အမြန် အစားထိုးပေးနိုင်သည့်အတွက် လိုင်းပြတ်တောက်သည့်အချိန်လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ထားသော အင်တာနက် Wi-Fi ကြိုးများ ရှုပ်ထွေးနေမှုများကို မိမိကိုယ်တိုင် ဦးဆောင်၍ သက်ဆိုင်ရာဌာနများဖြစ်သော ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာကုမ္ပဏီများနှင့် ပူးပေါင်း၍ သွယ်တန်းထားသည့် သက်မဲ့ကြိုးများအား ဖြုတ်သိမ်းခြင်း၊ ခွင့်ပြုချက်မရှိဘဲ သွယ်တန်းထားသော တရားမဝင်ကြိုးများအား စိစစ်၍ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး ဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့သည်။
“ထွက်ရှိလာသည့် ဆက်သွယ်ရေးဖိုင်ဘာကြိုးဟောင်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ၍ သက်ဆိုင်ရာ အမှိုက်ပုံများသို့ သိမ်းဆည်းစွန့်ပစ်လျက်ရှိပါတယ်။ ထပ်မံ၍ ရှင်းလင်းပြီးသော နေရာများတွင်လည်း တရားမဝင် ကြိုးသွယ်တန်းမှုများ ထပ်မံမဖြစ်စေရေးအတွက် ထုတ်ပြန်ထားပြီးသော ဆက်သွယ်ရေးဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ ပူးပေါင်း၍ စိစစ်ကြပ်မတ် အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြန်လည်ဖြေကြားပါတယ် ” ဟု တိုင်းဒေသကြီး ဝန်ကြီး ဒေါက်တာမျိုးသော်က ဆက်လက်ဖြေကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေးအတွက် ခရိုင်၊ မြို့နယ်အဆင့် ဖယ်ရှားရှင်းလင်းရေးအဖွဲ့များ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇွန် ၁၆ ရက်တွင် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များ သတ်မှတ်၍ မြို့တော်အတွင်း ရှုပ်ထွေးပြီး အမြင်မတင့်တယ်သည့် ဆက်သွယ်ရေးကြိုးများအား အပတ်စဉ် ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းတိုးတက်မှုအခြေအနေအား လစဉ် အစီရင်ခံတင်ပြစေ၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
