နေမိုး
၁၄. ၈. ၂၀၂၆
ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA အဖွဲ့က နယ်မြေလုယက် ထိန်းချုပ်ထားတာကြောင့် ဗုံးကြဲခံနေရတဲ့ ကျန္တလီမြို့နဲ့ ဂွမြို့မှာ မနေ့ကလည်း လေကြောင်းတိုက်ခိုက်ခံရလို့ ၈ ဦး သေဆုံးသွားပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့ ရခိုင်နဲ့ ရှမ်းပြည်နယ်က မြို့တွေကို တိုက်ခိုက်ဖျက်ဆီးသိမ်းယူတဲ့ AA ၊ TNLA နဲ့ MNDAA တို့ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ဒီလိုအကြမ်းဖက်အဖွဲ့တွေကို ချေမှုန်းတော့မှာဖြစ်လို့ အကြမ်းဖက်တွေအကြား ပြည်သူတွေမနေဖို့ တပ်မတော်က ကမ္ဘာသိအောင် ကြေညာခဲ့သလို တစ်နိုင်ငံလုံးပြန့်နေတဲ့ လက်နက်ကိုင်တွေ ထိန်းချုပ်ရာနယ်မြေတွေ အလှည့်ကျထိုးစစ်ဆင်တိုက်ယူရာမှာ မြို့ပေါင်း ၂၂ မြို့အထိ သိမ်းအပြီး လက်ရှိအချိန်မှာတော့ AA ထိန်းချုပ်ရာဒေသတွေဟာ တပ်မတော်ရဲ့ တန်ပြန်ထိုးစစ်ဆင်ခံနေရတာပါ။



ဒီလို တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် AA အကြမ်းဖက် လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့နေရာတွေလို့ ရခိုင်ပြည်သူတွေက သတင်းပေးပို့လာတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်ရာမှာ မနေ့က ဩဂုတ် ၁၃ ရက် ည ၁၁ နာရီခွဲအချိန်ခန့်မှာ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းပေါ် လေတပ်က ဂျက်တိုက်လေယာဉ် တစ်စီးက ဗုံးသီး (၂) လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် AA လက်အောက်မှာ နေထိုင်နေသူ ၈ ဦးသေတဲ့အပြင် နေအိမ် (၅) လုံးနဲ့ သုံးဘီးဆိုင်ကယ် တစ်စီးပျက်စီးသွားခဲ့တယ်လို့ AA က ပြောပြီး ထပ်သေသူရှိမရှိ စုံစမ်းနေတယ်ဆိုပါတယ်။
ဒါ့အပြင် ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကိုလည်း မနေ့က ည ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်မှာ ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့တာမှာ အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ နေအိမ်ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပြီး AA အကြမ်းဖက်လက်နက်ကိုင်တွေ သေ မသေကိုတော့ ဖော်ပြထားတာ မပါဝင်ပါဘူး။
AA က ရခိုင်နယ်မြေတွေ လုယက်ထိန်းချုပ်ပြီး လူငယ်တွေ ပြန်ပေးဆွဲကာ စစ်မှုထမ်းခိုင်းနေတာကြောင့် ရခိုင်ပြည်သူအများစုဟာ AA ဘေးလွတ်ရာ ပြည်ပနိုင်ငံတွေနဲ့ အေးငြိမ်းရာ အစိုးရအာဏာစက်အောက် ပြေးဝင်ခိုလှုံလာချိန်မှာ ရခိုင်ပြည်နယ်က AA ထိန်းချုပ်ရာနေရာတွေမှာ AA လက်နက်ကိုင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေပဲ အများစု နေထိုင်နေကြသလို AA ကလည်း ဗုံးကြဲခံရတိုင်း လက်နက်ကိုင်တွေ သေဆုံးမှု ထိမ်ချန်ထားပြီး သေသူတွေက ပြည်သူတွေလို့ပဲ လိမ်လည်ထုတ်ပြန်လေ့ရှိတာကြောင့် အခုသေဆုံးသူ ရှစ်ဦးဟာ AA လက်နက်ကိုင်တွေနဲ့ သူတို့မိသားစုဝင်တွေလား။ ဒါမှမဟုတ် ပြည်သူတွေလားဆိုတာ မြေပြင်အတည်မပြုနိုင်ဘဲ AA ထုတ်ပြန်တဲ့ သေဆုံးသူ ၈ ဦးရှိတယ်ဆိုတာပဲ ဖော်ပြပေးတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက် နေ့လယ် ၁ နာရီအချိန်ကလည်း AA နယ်မြေလု ထိန်းချုပ်ထားလို့ သံတွဲမြို့နယ်၊ ကျောက်ကြီးရွာကို ဗုံးကြဲချရာမှာ ၁၄ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရမှုဖြစ်ပွားခဲ့ပါသေးတယ်။


