၁၁.၈.၂၀၂၆
Translated by Htwe Ko Tun
ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့၊ မူဆာဆာနိုင်ယာစက်မှုဇုန်ရှိ ဆိုဖာထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် သြဂုတ်လ ၉ ရက်က မီးလောင်မှု၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၆ ဦး ဝမ်းနည်းဖွယ်သေဆုံးခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် သြဂုတ်လ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆော်ဒီအာရေဗျနိုင်ငံရှိ ဆိုဖာစက်ရုံမီးလောင်မှုတွင် နိုင်ငံသား ၁၆ ဦး၏သေဆုံးမှုများကို ဖော်ပြပြီးနောက် သြဂုတ်လ ၉ ရက်က မီးလောင်မှုအတွက် အလွန်ထိတ်လန့်တုန်လှုပ်မိကြောင်းလည်း ပြောကြားခဲ့သည်။
ကြေညာချက်၌ တာဝန်ရှိသူများအား သေဆုံးသူ ပြည်ပရောက်နိုင်ငံသားများ၏ ရုပ်အလောင်းများကို အမြန်ဆုံးပြန်လည်ပို့ဆောင်ရန်နှင့် ၎င်းတို့၏မိသားစုများအတွက် လိုအပ်သောအစိုးရအကူအညီနှင့် လျော်ကြေးငွေအားလုံးကို ရယူရန် ညွှန်ကြားထားကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခုနစ်သန်းခန့်သည် ပြည်ပတွင် အလုပ်လုပ်ကိုင်ကြပြီး အများစုမှာ အရှေ့အလယ်ပိုင်းတွင်ဖြစ်သည်။ ဆော်ဒီမီဒီယာများ၏ ဖော်ပြချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးသန်းကျော်သည် နိုင်ငံတွင် နေထိုင်ကြသည်ဟု ခန့်မှန်းရသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရွှေ့ပြောင်းလုပ်သားများက ဆိုဖာထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် အလုပ်လုပ်နေကြခြင်းဖြစ်ကာ မီးလောင်မှုဖြစ်ပွားစဉ် မွန်းလွဲ ၂ နာရီခန့်တွင် ၎င်းတို့က အလုပ်သမားများ၏အဆောင် အခန်းအတွင်း၌ အနားယူနေကြစဉ်ဖြစ်သည်။
ထိုအခန်းအတွင်း စုစုပေါင်း ဘင်္ဂလားဒေ့ရှ်အလုပ်သမား ၁၇ ဦးနေထိုင်ကြသည့်အနက် ၁၆ ဦးမှာ မီးလောင်မှုတွင် အသက်ဆုံးရှုံးခဲ့ကြသည်။ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဟာဘီဘာက သြဂုတ်လ ၉ ရက် မွန်းလွဲ ၁ နာရီခွဲခန်တွင် မီးလောင်မှုမဖြစ်မီ ၎င်းက ဆံပင်ညှပ်ရန် စက်ရုံမှ ထွက်ခွာသွားကြောင်း၊ ပြန်လာသောအခါ စက်ရုံ မီးလောင်ကျွမ်းနေသည်ကို တွေ့ခဲ့ရကြောင်း သံရုံးအရာရှိများအား ပြောကြားခဲ့သည်။
သေဆုံးသူများကို ဖော်ထုတ်ပြီးသည်နှင့် ဆော်ဒီအာဏာပိုင်များက သေဆုံးလက်မှတ်များ ထုတ်ပေးမည်ဖြစ်သည်။ ထို့နောက် ရုပ်အလောင်းများကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ပို့ဆောင်မည်ဟု သိရသည်။
Ref : NDTV
