၁၁. ၈ .၂၀၂၆
Written by Thiri
မြန်မာပြည်အထက်ပိုင်းမှာ မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် ဒုဌဝတီမြစ်ရေ မြင့်တက်လာပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာအချို့မှာ ရေဝင်ရောက်လာတာကြောင့် ပြောင်းရွှေ့မှုတွေကို တာဝန်ရှိသူတွေက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပေမဲ့ ဒီနေ့ မနက်ပိုင်းက စဉ့်ကိုင်မြို့နယ်မှာ ကိုယ်ထူကိုယ်ထ ရေဘေးရှောင် စက်လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာက အမျိုးသမီး တစ်ဦး သေဆုံးပြီး ငါးဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၁၀ ရက် နံနက်ပိုင်းကစပြီး မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ဖရဲကျွန်းကျေးရွာ၊ စဉ့်ကိုင်မြို့အနီး မြောက်ကိုင်းကျေးရွာနှင့် ဆယ်နှစ်ကိုင်းကျေးရွာတို့မှာ မြစ်ရေ စတင်ဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက ကျေးရွာအတွင်း နေထိုင်ဖို့ အဆင်မပြေတော့တဲ့ အိမ်တွေ၊ ကျန်းမာရေးမကောင်းသူတွေနဲ့ လူနာတွေရှိတဲ့အိမ်တွေကို ဦးစားပေးပြောင်းရွှေ့ပေးလျက်ရှိပြီး တချို့နေရာတွေမှာလည်း ရွာထဲက စက်လှေတွေနဲ့ ကိုယ်ထူ ကိုယ်ထ ရွှေ့ပြောင်းလျက်ရှိရာ ဒီကနေ့မနက် ဖြစ်ပွားတဲ့ စက်လှေတိမ်းမှောက်မှုက စဉ့်ကိုင်မြို့နယ် မြောက်ကိုင်းကျေးရွာမှ ရွာသားများ မောင်းနှင်လာတဲ့ စက်လှေဖြစ်ပြီး ရွာခံ မိသားစုတွေကို သယ်ဆောင်လာတဲ့ စက်လှေလို့ သိရပါတယ်။



အဆိုပါ စက်လှေတိမ်းမှောက်မှုကို ကူညီဆယ်ရေး ဆောင်ရွက်ခဲ့တဲ့ မဏီစလ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “ရွာထဲ နေလို့မဖြစ်တော့လို့ ရေဘေးရှောင်လာကြတဲ့ လှေပါ။ ရေမြုပ်နေတဲ့ အပင်နဲ့ ချိတ်ပြီး မှောက်သွားတာလို့ ကြားတယ်။ အမျိုးသမီး တစ်ဦးသေပါတယ်။ ရုပ်အလောင်းလည်း ရှာတွေ့ပါပြီ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ စက်လှေပေါ်ပါ ရွာသားတွေအနက် အမျိုးသား သုံးဦး၊ ကလေးငယ် တစ်ဦးနဲ့ စိုးရိမ်ရ အမျိုးသမီး တစ်ဦးတို့အပါအဝင် စုစုပေါင်း ငါးဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသွားတဲ့ အမျိုးသမီး တစ်ဦးရဲ့ ရုပ်အလောင်း (DB) ကို ဆေးရုံဆီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်မှာ ဒုဌဝတီမြစ်ရေ အတက်မြန်နေတာကြောင့် ရေကင်းတွေထားကာ စောင့်ကြည့်ခြင်းနဲ့ ကြိုတင်ပြင်ဆင်ခြင်းတွေကို တာဝန်ရှိသူတွေက ဆောင်ရွက်နေကြသလို၊ ပလိပ်ကျေးရွာအုပ်စု၊ စိတ္တရကျေးရွာရှိ လူနေအိမ်များအတွင်း ဒီကနေ့ မွန်လွဲပိုင်းက ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းအရ စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းနဲ့ ပလိပ်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီရေးအသင်းသားတွေနဲ့ ပူးပေါင်းကာ ရေဝင်ရောက်နေတဲ့ အိမ်ထောင်စုတွေကို ရေဘေးလွတ်ရာဆီ ကူညီရွှေ့ပြောင်းပေးလျက် ရှိတယ်လို့လည်း ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
