သက်တံ့
၁၁. ၈. ၂၀၂၆
ဟောင်ကောင်၊ ကွန်းတောင်း လမ်းလွှဲ (Kwun Tong Bypass) လမ်းမကြီးပေါ်တွင် တရားမဝင် လမ်းဘေးပြိုင်ကား မောင်းနှင်မှု၌ ပါဝင်ခဲ့ကြသည်ဟု စွပ်စွဲချက်ဖြင့် ယာဉ်မောင်း ၁၀ ဦးအား ဖမ်းဆီးခဲ့ကြောင်းနှင့် အဆိုပါဖြစ်စဉ်တွင် ရဲတပ်ဖွဲ့က မသင်္ကာသူများ၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်ရန်နှင့် ဖမ်းဆီးထိန်းသိမ်းနိုင်ရန် ဒရုန်းများနှင့် အမှတ်အသားမပါသော စွမ်းဆောင်ရည်မြင့် မော်တော်ယာဉ်များ (Stealth Cars) ကို အသုံးပြုခဲ့ကြောင်း သိရသည်။
ကော့လုံအရှေ့ပိုင်းဒေသ (East Kowloon) ရှိ အဓိက အဝေးပြေးလမ်းလွှဲ လမ်းမကြီးတစ်ခုဖြစ်သည့် ကွန်းတောင်း လမ်းလွှဲအတိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း အသက် ၂၅ နှစ်မှ ၅၁ နှစ်အရွယ်ရှိ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား အန္တရာယ်ရှိစွာ မော်တော်ယာဉ် မောင်းနှင်မှုဖြင့် ဩဂုတ်လ ၃ ရက်မှ ၁၀ ရက်နေ့အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယနေ့ ဩဂုတ် ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
“ဖမ်းဆီးခံရတဲ့ ယာဉ်မောင်းအချို့ဟာ အလွန်အမင်း မြန်နှုန်းမြှင့်မောင်းနှင်ခဲ့ကြပြီး တာဝန်မဲ့စွာနဲ့ ယာဉ်ကြောတွေကြား တိုးဝှေ့မောင်းနှင်ခဲ့ကြပါတယ်” ဟု ကော့လုံအရှေ့ပိုင်းဒေသ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တရားဥပဒေစိုးမိုးရေးနှင့် ထိန်းချုပ်ရေးဌာနခွဲမှ အကြီးတန်းရဲအုပ် ဖန်ချွန်းဟိုက ပြောကြားသည်။
“Fastshield” ဟု အမည်ပေးထားသည့် စစ်ဆင်ရေးအတွင်း ထပ်မံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ကိုယ်ပိုင်မော်တော်ယာဉ် ၇ စီးနှင့် မော်တော်ဆိုင်ကယ် ၃ စီးတို့ကို သိမ်းဆည်းခဲ့သည်။
အိမ်စီးကားများနှင့် မော်တော်ဆိုင်ကယ်များဖြင့် တရားမဝင် ပြိုင်ကားမောင်းနှင်မှုများကို ရိုက်ကူးရန်နှင့် မသင်္ကာသူများ၏ ယာဉ်များကို ကြားဖြတ်တားဆီးရန်အတွက် ရဲတပ်ဖွဲ့က ဒရုန်းများနှင့် အမှတ်အသားမပါသော ရဲကင်းလှည့်ယာဉ်များ သို့မဟုတ် “Stealth Cars” များကို အသုံးပြုခဲ့ကြောင်းလည်း ဖန်က ပြောကြားခဲ့သည်။
“ဒရုန်းတွေရဲ့ မြင့်မားတဲ့ ရွှေ့ပြောင်းနိုင်စွမ်းနဲ့ ကျယ်ပြန့်တဲ့ လွှမ်းမိုးနိုင်စွမ်းကို အသုံးချပြီး ကျွန်တော်တို့ ကောင်းကင်ထက်ကနေ အခြေအနေကို စောင့်ကြည့်ကွပ်ကဲခဲ့ပါတယ်” ဟု ဖန်က ပြောခဲ့သလို “သင့်တော်တဲ့အချိန်နဲ့ ဘေးကင်းတဲ့ အခြေအနေတွေအောက်မှာ မဟာဗျူဟာမြောက် နေရာတွေမှာ ကြိုတင်တပ်ဖြန့်ထားတဲ့ အမှတ်အသားမပါတဲ့ ရဲကင်းလှည့်ယာဉ် (Stealth Cars) တွေကို စေလွှတ်ပြီး ပစ်မှတ်ထားယာဉ်တွေကို ကြားဖြတ်တားဆီးတာ၊ သက်သေအထောက်အထား စုဆောင်းတာနဲ့ ဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်” ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
အိမ်စီးကားများနှင့် ဆိုင်ကယ်များဖြင့် ပြိုင်ကားသဖွယ် ပြိုင်မောင်းသူများကို ဖမ်းဆီးသည့် စစ်ဆင်ရေးတွင် ဒရုန်းများကို အသုံးပြုခြင်းသည် အလွန်ထိရောက်မှုရှိကြောင်း၊ အင်အားအမြောက်အမြား သုံးစွဲရမှုကို လျှော့ချပေးနိုင်ကြောင်းနှင့် ရဲတပ်ဖွဲ့၏ “စမတ်ကျသော ရဲလုပ်ငန်းစဉ်” (smart Policing) မဟာဗျူဟာနှင့်လည်း ကိုက်ညီကြောင်း ဖန်က ထပ်လောင်းပြောကြားခဲ့သည်။
“ဒရုန်းရုပ်သံ မှတ်တမ်းတွေမှာ ရိုက်ကူးရရှိခဲ့တဲ့ တရားမဝင် လှုပ်ရှားမှုတွေဟာ သက်သေအထောက်အထားအဖြစ် အသုံးဝင်မှာဖြစ်ပြီး တရားစွဲဆိုမှု အပိုင်းကို ပိုမိုခိုင်မာစေပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
ဟောင်ကောင်တွင် အန္တရာယ်ရှိစွာ မော်တော်ယာဉ် မောင်းနှင်မှုအတွက် ပြစ်ဒဏ်အဖြစ် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထောင်ဒဏ် အများဆုံး ၃ နှစ်နှင့် ဟောင်ကောင်ဒေါ်လာ ၂၅,၀၀၀ အထိ ဒဏ်ငွေရိုက်ခတ်ခံရနိုင်သည်။
Ref : SCMP
