သက်တံ့
၁၁. ၈. ၂၀၂၆
တရုတ်နိုင်ငံနှင့် အမေရိကန်တို့၏ ပြိုင်ဆိုင်မှုအပေါ် အဓိကထား လုပ်ဆောင်နေသည့် အာဏာရရီပတ်ဘလစ်ကန် ဦးဆောင်သော အမေရိကန် အောက်လွှတ်တော်၏ တရုတ်ဆိုင်ရာအထူးကော်မတီသည် “တရုတ်နိုင်ငံမှ အလုပ်လျှောက်ထားသူများ” ကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသည်ဟု ယူဆပါက ထုတ်ဖော်ပြောဆိုကြရန် အမေရိကန် ပညာရှင်များထံ အများပြည်သူဆိုင်ရာ တောင်းဆိုချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
“သင်ဟာ တရုတ်နိုင်ငံမှ လျှောက်ထားသူများကို ဦးစားပေးခဲ့တာကြောင့် သုတေသန ရာထူး၊ ဓာတ်ခွဲခန်း အခွင့်အလမ်း သို့မဟုတ် ပါရဂူလွန် သုတေသန ခေတ္တခန့်အပ်မှုများ ငြင်းပယ်ခံခဲ့ရတယ်လို့ ယုံကြည်ရတဲ့ အမေရိကန် ကျောင်းသား၊ ပါရဂူလွန် သုတေသနပညာရှင် သို့မဟုတ် ပညာရှင်တစ်ဦး ဖြစ်ပါသလား” ဟု အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ကွန်မြူနစ်ပါတီအကြား မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုဆိုင်ရာ အောက်လွှတ်တော် အထူးကော်မတီ (House Select Committee on Strategic Competition between the United States and the Chinese Communist Party) က ယခင် တွစ်တာဟု လူသိများသော X လူမှုကွန်ရက်တွင် တနင်္လာနေ့က ရေးသားဖော်ပြခဲ့သည်။
“တိုက်ရိုက်” သတင်းအချက်အလက် သို့မဟုတ် အထောက်အထား စာရွက်စာတမ်းများရှိသူများအနေဖြင့် ၎င်းတို့၏ သတင်းပေးပို့ရာ အီးမေးလ်မှတစ်ဆင့် ဆက်သွယ်ကြရန် အဆိုပါ အထူးကော်မတီက တိုက်တွန်းထားသည်။
ယင်းတောင်းဆိုချက်သည် ပြင်းထန်သော တုံ့ပြန်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး တရုတ်နိုင်ငံသား လျှောက်ထားသူများကို သီးသန့်ပစ်မှတ်ထားခြင်းသည် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များကို ပိုမိုမြင့်တက်လာစေမည့် အန္တရာယ်ရှိကြောင်း ဝေဖန်သူများက သတိပေးခဲ့ကြသည်။
The Sinica Podcast အစီအစဉ်မှ တင်ဆက်သူ Mr. Kaiser Kuo က အဆိုပါ လုပ်ရပ်ကို “အရှက်တကွဲ ဖြစ်ရပ်” ဟု သုံးနှုန်းခဲ့သည်။
၎င်းက လူမှုကွန်ရက်တွင် “တကယ်ပဲလား။ ဒါကိုမှ သူတို့ စိုးရိမ်နေကြတာလား။ လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုတွေကြောင့် အမေရိကန်မြေပေါ်ကနေ ထူးချွန်သူတွေ ထွက်ခွာကုန်ပြီး အမေရိကန်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်နေတဲ့ အချိန်မျိုးမှာ သူတို့က တရုတ်ဆန့်ကျင်ရေး မကျေနပ်ချက်တွေကို ဆွပေးချင်နေတာလား” ဟု ဝေဖန်ရေးသားခဲ့သည်။
Ref : SCMP
