သက်တံ့
၁၁. ၈. ၂၀၂၆
ဟောင်ကောင်မြို့တွင် အခြေစိုက်သည့် အစိုးရချင်း အပြန်အလှန် စေ့စပ်ညှိနှိုင်းရေးအဖွဲ့၏ အကြီးအကဲ ဖြစ်လာသူ ဟောင်ကောင် တရားရေးဝန်ကြီးဟောင်းက ၎င်းတို့အဖွဲ့အစည်းအနေဖြင့် နိုင်ငံအချင်းချင်း ဖြစ်ပွားသည့် အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ပါဝင်မည့် နိုင်ငံအသီးသီးက ဥပဒေ၊ သံတမန်ရေးရာနှင့် ပညာရပ်ဆိုင်ရာနယ်ပယ်များမှ စေ့စပ်ညှိနှိုင်းရေးမှူး ၁၀၀ ကျော်ကို အမည်စာရင်း တင်သွင်းထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာ စေ့စပ်ညှိနှိုင်းရေး အဖွဲ့အစည်း (IOMed) ၏ အတွင်းရေးမှူးချုပ်လည်းဖြစ်သူ ဟောင်ကောင် တရားရေးဝန်ကြီးဟောင်း ထရီဆာချန်း (Teresa Cheng Yeuk-wah) က South China Morning Post သို့ ပြောကြားရာတွင် အခြားသော ထင်ရှားသည့် နိုင်ငံတကာ ဥပဒေရေးရာ ဗဟိုချက် အများစုမှာ အနောက်နိုင်ငံများတွင်သာ တည်ရှိသဖြင့် ဟောင်ကောင်သည် အာရှ၏ နိုင်ငံတကာ ဥပဒေရေးရာ မြို့တော်အဖြစ် ဆောင်ရွက်ရန် ထူးခြားသော အနေအထားတွင် ရှိနေကြောင်း ပြောခဲ့သည်။
၎င်းတို့ အဖွဲ့အစည်းအနေဖြင့် ဝန်ဆောင်မှုပေးရန် မေးမြန်းစုံစမ်းမှုများနှင့် စိတ်ပါဝင်စားကြောင်း ထုတ်ဖော်ပြောဆိုမှု အများအပြားကို လက်ခံရရှိထားပြီးဖြစ်ကြောင်းလည်း သူမက ဆိုသည်။
IOMed ၏ ပထမဆုံးသော နိုင်ငံအချင်းချင်း အငြင်းပွားမှုအား ကိုင်တွယ်ရမည့် အခြေအနေနှင့် ပတ်သက်၍ ချန်းက “ကျွန်မတို့ ရာခိုင်နှုန်းပြည့် အသင့်ဖြစ်နေပါပြီ။ စည်းမျဉ်းစည်းကမ်းတွေ ရှိပြီးသားဖြစ်သလို အဖွဲ့အစည်းဘက်က အခြေခံအဆောက်အအုံဆိုင်ရာ ပံ့ပိုးမှုတွေလည်း အသင့်ရှိနေပါတယ်။ ဒါကြောင့် ကျွန်မတို့ မျှော်လင့်နေတာနဲ့ သေချာအောင် လုပ်ဆောင်နေတာကတော့ (စေ့စပ်ညှိနှိုင်းမယ့် နိုင်ငံအသီးသီးဘက်က) သဘောတူညီချက် ရရှိဖို့ပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
နိုင်ငံအချင်းချင်း အငြင်းပွားမှုများကို ကိုင်တွယ်ရန်အတွက် ယခုအချိန်အထိ နိုင်ငံပေါင်း ၆ နိုင်ငံက စေ့စပ်ညှိနှိုင်းရေးမှူး ၂၆ ဦး၏ အမည်စာရင်းကို တင်သွင်းထားပြီးဖြစ်ကြောင်း ချန်းက ပြောသည်။
ထိုနိုင်ငံများမှာ တရုတ်၊ နီကာရာဂွာ၊ ကင်ညာ၊ မြန်မာ၊ ပါကစ္စတန်နှင့် ကီရီဘတ်တီနိုင်ငံတို့မှဖြစ်ပြီး အမည်စာရင်း တင်သွင်းထားသည့် အဆိုပါ စေ့စပ်ညှိနှိုင်းရေးမှူးများသည် သံတမန်ရေးရာနှင့် ဥပဒေရေးရာ နောက်ခံရှိသူများ ဖြစ်ကြသည်။ ၎င်းတို့အနက် တရုတ်နိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးဟောင်းများ ဖြစ်ကြသည့် မာဆွဒ် ခါလစ် (Masood Khalid) နှင့် နာဂမာနာ အာလမ်ဂါ ဟာရှ်မီ (Naghmana Alamgir Hashmi)၊ မြန်မာနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးနှင့် ကင်ညာနိုင်ငံမှ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) တရားသူကြီးဟောင်း ဂျိုက်စ် အာလူးချ် (Joyce Aluoch) တို့ ပါဝင်ကြကြောင်း သိရသည်။
Ref : SCMP
