သက်တံ့
၁၁. ၈. ၂၀၂၆
ထိုင်းနိုင်ငံ၏ မြို့တော်ဘန်ကောက်တွင် အလုပ်အကိုင် ရရှိမည်ဟု ဆိုကာ လိမ်လည်ခံရပြီးနောက် မြန်မာနိုင်ငံအတွင်း ပိတ်မိနေသည့် အန္ဓရာပရာဒေ့ရှ်ပြည်နယ်မှ အလုပ်လက်မဲ့ လူငယ်တစ်စုကို မွေးရပ်မြေသို့ ဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်နိုင်ရေး ကြိုးပမ်းသွားမည်ဟု အိန္ဒိယနိုင်ငံ အန္ဓရာပရာဒေ့ရှ်ပြည်နယ် ပညာရေးဝန်ကြီး Mr. Nara Lokesh က ကတိပြုပြောကြားခဲ့သည်။
ထို့အပြင် ဝန်ကြီးသည် ၎င်းတို့အား မိခင်ဒေသသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေး အရေးယူဆောင်ရွက်မှုများ စတင်ရန် ဒေလီရှိ အန္ဓရာပရာဒေ့ရှ်ပြည်နယ်အစိုးရ၏ ကိုယ်စားလှယ်ရုံး (AP Bhavan) အရာရှိများထံ တနင်္လာနေ့တွင် ဖုန်းဆက်ညွှန်ကြားခဲ့သည်။ ယင်းအပြင် အလုပ်လက်မဲ့ လူငယ်များအနေဖြင့် ဆိုက်ဘာရာဇဝတ်မှု ထောင်ချောက်များအတွင်း မကျရောက်စေရေး သတိပြုကြရန်လည်း ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
တစ်ဆက်တည်းမှာပင် Mr. Lokesh က လန်ဒန်မြို့ရှိ King’s College ၌ ကျင်းပသည့် နိုင်ငံတကာ သုတေသနနှီးနှောဖလှယ်ပွဲတွင် Quantum Computing နှင့် အနာဂတ်နည်းပညာများဆိုင်ရာ သုတေသနလုပ်ငန်းများကို တင်ပြခဲ့သည့် Vijayawada မြို့မှ ၁၂ တန်းကျောင်းသား Naren အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့သည်။
ပညာရေးဝန်ကြီးက “ကျောင်းသား Naren ကို အခုလို မြင်တွေ့ရတာ ဝမ်းမြောက်မိပြီး ဒီလို အောင်မြင်မှုအတွက် ဆုမွန်ကောင်းတောင်းပေးပါတယ်။ အမရဝတီ (Amaravati) မှာ အဆင့်မြင့် ကွမ်တမ်မြို့တော် တည်ဆောက်နေချိန်မှာ မင်းရဲ့ ပါဝင်ကူညီမှုတွေကို မျှော်လင့်နေပါတယ်” ဟု ပြောကြားခဲ့သည်။
Ref : Deccan Chronicle
