MT News
၁၁. ၈. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ဧည့်ခန်းမဆောင်၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတ ဦးညိုစော၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ် ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်နှင့် တာဝန်ရှိသူတို့တက်ရောက်ကြပြီး အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးစန်ပေ့နှင့် ဦးဆန်လူ၊ အထွေထွေအတွင်းရေးမှူးဦးကြည်မြင့်နှင့် အတွင်းရေးမှူး ဦးအိုက်ပန်းတို့တက်ရောက်ကြသည်။





ထိုသို့တွေ့ဆုံရာတွင် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ဥက္ကဋ္ဌက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမှုအပေါ် အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (မိုင်းလား) နှင့် ဒေသတစ်ခုလုံးရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အပါအဝင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA)မှ အထူးဂုဏ်ယူ ဝမ်းမြောက်လျက်ရှိမှု၊ NDAA မိုင်းလားအဖွဲ့အနေဖြင့် နှစ်ပေါင်းသုံးဆယ်ကျော်ကြာ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဆိုသည့် လမ်းစဉ်အတိုင်းလျှောက်လှမ်းခဲ့ပြီး နိုင်ငံတော်အစိုးရအဆက်ဆက်နှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခဲ့သည့်အခြေအနေများ၊ NDAA မိုင်းလားအဖွဲ့အနေဖြင့် နိုင်ငံတော် အစိုးရနှင့် အမြဲမပြတ်ထိတွေ့ဆက်ဆံပြီး ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို အားကောင်းအောင် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတော်သမ္မတကြီးအနေဖြင့် မိုင်းလားဒေသရှိ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက် ပေးစေလိုမှု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)အနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ပြီး ကောင်းမွန်ပြီးအပြုသဘော ဆောင်သည့် ရလဒ်များထွက်ပေါ်ခဲ့သည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက နိုင်ငံတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အတွက် ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ဦးတည်လျှောက်လှမ်းကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံနှင့်ဒေသ အကျိုးအတွက် ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မိုင်းလားဒေသ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အတွက် လမ်းပန်းဆက်သွယ်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး နိုင်ငံတော်အစိုးရမှဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ မိုင်းလားဒေသအတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆရာ၊ ဆရာမများနှင့်အခြေခံအဆောက်အဦများ ဖြည့်ဆည်းပေးခြင်း၊ ကျန်းမာရေးကဏ္ဍတိုးတက်ရေး ဆေးရုံများအဆင့်မြှင့်တင်ခြင်း၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးပစ္စည်းများဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းတို့ကို နိုင်ငံတော်မှ ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ မိုင်းလားဒေသ၌ လတ်တလောကာလအတွင်း လိုအပ်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်လည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ကျန်းမာရေးဝန်ထမ်းများ စေလွှတ်ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသအတွင်းလျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနိုင်ရေး မိုင်းလားဒေသအတွင်း ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများဖြင့် ဆောင်ရွက်သွားနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ (NDAA) ဥက္ကဋ္ဌတို့သည် မိုင်းလားဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသကုန်သွယ်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နိုင်ငံတော်အကြီးအကဲ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်ချက်များအား မိုင်းလားဒေသရှိဒေသခံပြည်သူများကို ချပြဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
