၁၁.၈.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ အသက် ၁၂၀ နှစ်နှင့်အထက် အဘိုးနှစ်ဦးအား သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဩဂုတ် ၁၁ ရက်တွင် အသီးသီး သွားရောက်ဂါရဝပြု လှူဒါန်းခဲ့ကြောင်း သိရသည်။



ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တက်သစ်ကျေးရွာအုပ်စု၊ တပ်ရွာကျေးရွာတွင် နေထိုင်လျက်ရှိသော အသက် (၁၂၁) နှစ်ရှိ အဘိုး ဦးသိန်းအောင်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ကိုယ်တိုင်သွားရောက် ဂါရဝပြုကန်တော့ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် အဘိုး ဦးသိန်းအောင်အား ကျန်းမာရေးကောင်းမွန်စေရန်နှင့် သက်ရှည်ကျန်းမာစွာ ထောက်ပံ့ကူညီနိုင်ရေးအတွက် အဘိုး၏ အသက် (၁၂၁) နှစ်မြောက်အတွက် စုစုပေါင်းအလှူငွေ ကျပ် (၁၂၁) သိန်းနှင့် ကန်တော့ပစ္စည်းများ၊ အာဟာရဖြည့်စွက်စာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် အဘိုး ဦးသိန်းအောင်၏ ကျန်းမာရေး အခြေအနေများ၊ နေထိုင်မှုလိုအပ်ချက်များကို ရင်းရင်းနှီးနှီးမေးမြန်းပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သဖန်းချောင်းကျေးရွာရှိ အသက် ၁၂၀ နှစ်ရှိ အဘိုးဦးစိန်ငွေအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်သည် နိုင်ငံတော်သမ္မတ၏ ဂါရဝပြုလှူဒါန်းငွေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသော ဆန်၊ ဆီနှင့် အာဟာဟာရဖြည့် စားသောက်ဖွယ်ရာများကိုလည်း လှူဒါန်းပေးအပ်ခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
