၁၁.၈.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ရေနံရပ်ကွက်၊ အမှတ်(၁) ရေနံချက်စက်ရုံဝင်းအတွင်းရှိ စက်ကန် (ရေလှောင်ကန်) တွင် ဩဂုတ်လ ၁၀ ရက်၊ ညနေ ၅ နာရီခွဲခန့်က မြေသားတမံပေါက်မှုဖြစ်ပွားခဲ့ကြောင်း ရေကန်ပေါက်မှုကို ပြုပြင်ထိန်းသိမ်းရေးလုပ်ကိုင်ခဲ့သူများထံမှ သိရသည်။
ရေဂါလံ ၄၄ သန်းဆံ့ ရေလှောင်ကန် (စက်ကန်)တွင် အောက်ခြေ ငါးပေ ပတ်လည်ခန့် မြေသားတမံပေါက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြေသားတမံပေါက်၍ လူနေရပ်ကွက်များထဲ ရေဝင်ရောက်မှုမရှိစေရန် မျောတုံးများဖြင့် ပိုင်ရိုက်ခြင်း၊ သဲအိတ်များအသုံးပြုကာ ကာရံခြင်း၊စက်ယန္တရားများဖြင့် ရေကန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများအပါအဝင် လူအင်အား ၇၀၀ ခန့်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ရာ သြဂုတ်လ ၁၁ ရက် နံနက် ၃ နာရီခွဲခန့်တွင် ယာယီထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ကန်ရေပမာဏကို ဝန်လျော့စေရန် ရေထုတ်ပန့် နှစ်လုံးဖြင့် ရေထုတ်ခြင်း ဆက်လက် လုပ်ဆောင်ခဲ့ပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရေနံချက် စက်ရုံမှ ဝန်ထမ်းများ ပူးပေါင်း၍ နေ့ည ရေကင်းများ ချထားကာ ဆောင်ရွက်မည်ဖြစ်ကာ ရေနံချက် စက်ရုံမှ နည်းပညာရှင်များဖြင့် တာဘောင် အခိုင်အမာ ဆောင်ရွက်နိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။




ရေကန်ရှိမြေသားတမံပေါက်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိခဲ့သလို စိုးရိမ်ဖွယ်ရာအခြေအနေလည်းမရှိကြောင်း သိရသည်။
ရေလှောင်ကန်(စက်ကန်)တွင် မြေသားတမံပေါက်မှုဖြစ်ပွားရာနေရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ ရောက်ရှိလာပြီး ဝိုင်းဝန်းဆောင်ရွက်နေသူများကို ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
