၁၁.၈.၂၀၂၆
Translated by Htwe Ko Tun
ကိုလံဘီယာနိုင်ငံတွင် သြဂုတ်လ ၁၀ ရက် နံနက်က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ချိန်တွင် နိုင်ငံအနောက်ပိုင်း ပါရီရာမြို့ရှိ ကောင်းကင် ကေဘယ်ကားများအတွင်း ရောက်ရှိနေရာမှ ခြောက်နာရီကြာ ပိတ်မိနေခဲ့သော လူ ၁၆ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ပါရီရာမြို့တော်ဝန်ရုံးက သြဂုတ် ၁၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
သြဂုတ်လ ၁၀ ရက် နံနက်တွင် အင်အားပြင်းငလျင်လှုပ်ခတ်ချိန်၌ ခရီးသည်များသည် ကေဘယ်ကားအခန်းများအတွင်း၌ ရှိနေခဲ့ပြီး ခြောက်နာရီခန့်အကြာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဘေးကင်းရာသို့ အောင်မြင်စွာ ရွှေ့ပြောင်းကယ်ဆယ်နိုင်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဘေးကင်းရေးစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ပါရီရာမြို့၏ ကေဘယ်ကားစနစ်ဝန်ဆောင်မှုကို နောက်ထပ်အကြောင်းကြားစာ မထုတ်ပြန်မချင်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ပါရီရာမြို့ရှိ ကောင်းကင် ကေဘယ်ကားများသည် ကိုလံဘီယာတွင် လူကြိုက်များသော အများပြည်သူ သယ်ယူပို့ဆောင်ရေးပုံစံတစ်ခုဖြစ်ပြီး တောင်စောင်းရပ်ကွက်များရှိ ခရီးသွားများကို မြို့လယ်ဒေသများနှင့် ချိတ်ဆက်ပေးထားသည်။
ကိုလံဘီယာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထွက်ရှိရာ တောင်တန်းဒေသရှိ မာနီဇယ်လက်စ်မြို့တွင်လည်း ငလျင်လှုပ်ပြီးသည့်နောက် ၎င်း၏ ကေဘယ်ကားစနစ်ဝန်ဆောင်မှုအတွင်း ရောက်ရှိနေသော ခရီးသည်များကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ကေဘယ်ကားစနစ်ဝန်ဆောင်မှုကို ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
Ref: CNN
