၁၁.၈.၂၀၂၆
Written by Linn Eain
ရေတာရှည်မြို့နယ်မှ အမျိုးသမီးနှစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် မူဆယ်မြို့သို့ခေါ်လာသူအား မူဆယ်ခရိုင်တရားရုံးက ဩဂုတ် ၇ ရက်က လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်နေ အမျိုးသမီးနှစ်ဦးကို ၎င်းတို့နှင့် ခင်မင်ရင်းနှီးသည့် တောင်ငူမြို့နယ်၊ တဖန်းပင်ကျေးရွာအုပ်စုနေ အေးသီတာနှင့် ခိုင်မွန်းဂျာတို့ သားအမိက တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ်သိန်း ၁၂၀ ခန့်ရမည်ဖြစ်ပြီး တရုတ်အမျိုးသားနှင့် တရားဝင် မင်္ဂလာဆောင်ပေး၍ တရားဝင်နေထိုင်နိုင်ရေးလုပ်ပေးမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် အေးသီတာက အဆိုပါအမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် မူဆယ်မြို့သို့ ခေါ်ဆောင်လာကြောင်း စိစစ်သိရှိရသဖြင့် မူဆယ်မြို့မရဲစခန်းတွင် (ပ) ၁၀၈/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်ကာ မူဆယ်ခရိုင်တရားရုံးတွင် တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မူဆယ်ခရိုင်တရားရုံးက ဖမ်းမိတရားခံ အေးသီတာကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် ဩဂုတ် ၇ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ခိုင်မွန်းဂျာကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
