၁၁.၈.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်၊ကောင်ရာနယ်မြေရှိ ငါးကန်အဟောင်းတွင် ကိုးနှစ်အရွယ် ကလေးတစ်ဦး၏ ရုပ်အလောင်းကို ဩဂုတ်လ ၁၀ ရက် နံနက် ၁၁ နာရီခွဲခန့်က တွေ့ရှိခဲ့ကြောင်း ကချင်ပြည်နယ်မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေနစ်သေဆုံးသူ ကလေးငယ်မှာ မောင်ငွါးဆီးဖြစ်ပြီး သြဂုတ်လ ၉ ရက် ညနေပိုင်းက သူငယ်ချင်းတစ်ဦးနှင့်အတူ နေအိမ်မှထွက်သွားရာမှ ပျောက်ဆုံးခဲ့ပြီး သြဂုတ်လ ၁၀ ရက် နံနက်ပိုင်းက ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

“ကလေးက ဝိုင်းမော်မြို့ဘက်ကနေ စစ်ဘေးရှောင်လာပြီး မြစ်ကြီးနားကို လာနေတာ။ ကလေးဆိုတော့ ရေကန်မြင်တော့ ရေဆင်းကူးရင်း ရေနစ်သွားတာနေမှာ”ဟု ဒေသခံတစ်ဦးကပြောသည်။
ရေနစ်သေဆုံးသူကလေးငယ်ကို ကချင်ပြည်နယ်မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှအဖွဲ့ဝင်များက မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၉ ရက် ညနေ ၄ နာရီခန့်ကလည်း မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ရေကစားသော အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ဧရာဝတီမြစ်ထဲ ရေကစားရင်း မြစ်ကမ်းဘေးရှိ ရေဝဲတွင် ရေနစ်ကာသေဆုံးခဲ့သည်။
