၁၁.၈.၂၀၂၆
Translated by Htwe Ko Tun
ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ဩဂုတ်လ ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၄ မိနစ်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ငလျင်လှုပ်ခတ်အပြီး ၁၂ နာရီအကြာ ဩဂုတ်လ ၁၀ ရက် ညပိုင်းတွင် သေဆုံးသူဦးရေ ၁၃၂ ဦးအထိ မြင့်တက်လာပြီး ၅၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကိုလံဘီယာအစိုးရ၏ နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။
ကယ်လီ၊ ပါရီရာနှင့် မာနီဇာလက်စ်အပါအဝင် မြို့များသည် အဆိုးရွားဆုံး ထိခိုက်ခံခဲ့ရသည်။ ကယ်လီနှင့် အခြားမြို့များတွင် အဆောက်အအုံများ ပြိုကျခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဒေသခံများကို ကယ်ဆယ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။




ငလျင်ကြောင့် အနည်းဆုံး အဆောက်အအုံ ၆၁ လုံး လုံးဝပြိုကျခဲ့ပြီး အိမ်ခြေနှင့် အဆောက်အအုံ ၁,၆၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ရကြောင်း နောက်ဆုံးသတင်းများက ဖော်ပြသည်။ ထို့အပြင် ကျန်းမာရေးဌာန ၁၈ ခုနှင့် ကျောင်း ၅၂ ကျောင်း ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။
ငလျင်ဗဟိုချက်သည် ကိုလံဘီယာနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းရှိ ချိုကိုပြည်နယ် အနောက်မြောက်ပိုင်း San José del Palmar စည်ပင်သာယာနယ်မြေအနီး တည်ရှိပြီး မြို့တော် ဘိုဂိုတာ၏ အနောက်ဘက် မိုင် ၂၄၀ မှ ၂၅၀ (ကီလိုမီတာ ၄၀၀ ခန့်) အကွာတွင် ရှိသည်။ မြေမျက်နှာပြင်အောက် ၆၆ မိုင် (၁၀၇ ကီလိုမီတာခန့်) အနက်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းရသည်။
ငလျင်၏ တုန်ခါမှုကို အိမ်နီးချင်း အီကွေဒေါနိုင်ငံကပါ ခံစားခဲ့ရသော်လည်း ကြီးမားသော အပျက်အစီး မရှိကြောင်း သိရသည်။
Ref: Xinhua, CNN
