၁၁.၈.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉) ရပ်ကွက်၊ ကမာကြည်လမ်း၊ ကမာကြည်တံတားပေါ်တွင် ရပ်ထားသော YBS – ၄၂ ယာဥ်ကို မော်တော်ယာဥ်တစ်စီးက နောက်မှ တိုက်မိခဲ့ရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့မှု သြဂုတ်လ ၁၀ ရက် ည ၉ နာရီ ၂၄ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ သင်္ဃန်းကျွန်းမြို့နယ်ဘက်မှ သာကေတမြို့နယ်ဘက်သို့ မောင်းနှင်လာသော Mazda Bongo မော်တော်ယာဥ်မှာ အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသော YBS – ၄၂ ခရီးတင်ယာဥ်ကို အနောက်မှဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ယာဥ်တိုက်မှုကြောင့် Bongo မော်တော်ယာဥ်မောင်း အသက် ၄၆ နှစ်အရွယ် အမျိုးသားမှာ ကားခေါင်းအတွင်းညပ်နေသဖြင့် ရှာဖွေကယ်ဆယ်ရေးယာဥ် ၁ စီး၊ မီးငြှိမ်းသတ်ယာဥ် ၁ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် အသက် ၄၆ နှစ်အရွယ် ယာဥ်မောင်း ဦးအောင်ဇော်မျိုးမှာ ဝမ်းဗိုက်ညိုမဲဒဏ်ရာ၊ ဘယ်ဘက်ဒူးပေါက်ပြဲဒဏ်ရာပွန်းပဲ့၊ ဘယ်ဘက်ခြေသလုံး ပွန်းပဲ့ဒဏ်ရာ၊ ခြေဖနောင့်ကွဲဒဏ်ရာနှင့်ညာခြေချင်းဝတ်ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းမှ အသင်းဝင်များက သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ကုသစဥ် လမ်းခုလတ်၌ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ သြဂုတ်လ ၉ ရက်၊ ည ၇ နာရီကျော်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၆၀) ရပ်ကွက်၊ ရတနာလမ်းတွင် ရပ်ထားသော ၁၈ ဘီးယာဥ်ကို မော်တော်ယာဥ်တစ်စီးဝင်တိုက်ရာမှ ယာဥ်မောင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သြဂုတ်လ ၇ရက် ည ၉ နာရီခန့်ကလည်း အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားအတက်တွင် ကားပျက်၍ရပ်ထားသော ကွန်တိန်နာယာဥ်၏ နောက်ပိုင်းကို ဟိုက်ဂျက်ယာဥ်က ဝင်တိုက်ခဲ့သဖြင့်ယာဉ်ပေါ်ပါသူနှစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
