နေမိုး
၁၀. ၈. ၂၀၂၆
ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA အဖွဲ့က နယ်မြေလုယက် ထိန်းချုပ်ထားတာကြောင့် ဗုံးကြဲခံနေရတဲ့ သံတွဲမြို့မှာ မနေ့ကလည်း လေကြောင်းတိုက်ခိုက်ခံရလို့ ၁၄ ဦး သေဆုံးသွားပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့ ရခိုင်နဲ့ ရှမ်းပြည်နယ်က မြို့တွေကို တိုက်ခိုက်ဖျက်ဆီးသိမ်းယူတဲ့ AA ၊ TNLA နဲ့ MNDAA တို့ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ဒီလိုအကြမ်းဖက်အဖွဲ့တွေကို ချေမှုန်းတော့မှာဖြစ်လို့ အကြမ်းဖက်တွေအကြား ပြည်သူတွေမနေဖို့ တပ်မတော်က ကမ္ဘာသိအောင် ကြေညာခဲ့သလို တစ်နိုင်ငံလုံးပြန့်နေတဲ့ လက်နက်ကိုင်တွေ ထိန်းချုပ်ရာနယ်မြေတွေ အလှည့်ကျထိုးစစ်ဆင်တိုက်ယူရာမှာ မြို့ပေါင်း ၂၂ မြို့အထိ သိမ်းအပြီး လက်ရှိအချိန်မှာတော့ AA ထိန်းချုပ်ရာဒေသတွေဟာ တပ်မတော်ရဲ့ တန်ပြန်ထိုးစစ်ဆင်ခံနေရတာပါ။





ဒီလိုတန်ပြန်ထိုးစစ်ဆင်နေတာကြောင့် AA အကြမ်းဖက် လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့နေရာတွေလို ရခိုင်ပြည်သူတွေက သတင်းပေးပို့လာတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်ရာမှာ မနေ့က ဩဂုတ် ၁၀ ရက် နေ့လယ် ၁ နာရီကျော်အချိန်က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာကို ဗုံးသုံးလုံးကြဲချခဲ့တာကြောင့် လူ ၁၄ ဦးသေပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ AA က ပြောပါတယ်။
AA က ရခိုင်နယ်မြေတွေ လုယက်ထိန်းချုပ်ပြီး လူငယ်တွေ ပြန်ပေးဆွဲကာ စစ်မှုထမ်းခိုင်းနေတာကြောင့် ရခိုင်ပြည်သူအများစုဟာ AA ဘေးလွတ်ရာ ပြည်ပနိုင်ငံတွေနဲ့ အေးငြိမ်းရာ အစိုးရအာဏာစက်အောက် ပြေးဝင်ခိုလှုံလာချိန်မှာ ရခိုင်ပြည်နယ်က AA ထိန်းချုပ်ရာနေရာတွေမှာ AA လက်နက်ကိုင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေပဲ အများစု နေထိုင်နေကြသလို AA ကလည်း ဗုံးကြဲခံရတိုင်း လက်နက်ကိုင်တွေ သေဆုံးမှု ထိမ်ချန်ထားပြီး သေသူတွေက ပြည်သူတွေလို့ပဲ လိမ်လည်ထုတ်ပြန်လေ့ရှိတာကြောင့် အခုသေဆုံးသူတွေဟာ AA လက်နက်ကိုင်တွေနဲ့ သူတို့မိသားစုဝင်တွေလား။ ဒါမှမဟုတ်ပြည်သူတွေလားဆိုတာ မြေပြင်အတည်မပြုနိုင်ဘဲ AA ထုတ်ပြန်တဲ့ သေဆုံးဒဏ်ရာရသူ ၂၅ ဦးရှိတယ်ဆိုတာပဲ ဖော်ပြပေးတာဖြစ်ပါတယ်။
