သတိုး
၁၀. ၈. ၂၀၂၆
ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သဖြင့် အနည်းဆုံး လူ ၄၇ ဦး သေဆုံးခဲ့သည့်အပြင် လူအများအပြား ဘေးလွတ်ရာသို့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခဲ့ကြရသည်ဟု ကနဦးသတင်းများက ဖော်ပြသည်။
အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) နှင့် ကိုလံဘီယာဘူမိဗေဒဌာနတို့၏အဆိုအရ ငလျင်သည် တနင်္လာနေ့ နံနက် ၇ နာရီ ၃၄ မိနစ် (မြန်မာစံတော်ချိန် ည ၇ နာရီ ၄ မိနစ်) အချိန်တွင် မြို့တော်ဘိုဂိုတာ၏ အနောက်ဘက် ၄၀၀ ကီလိုမီတာ (မိုင် ၂၅၀) ခန့်အကွာရှိ ကိုလံဘီယာနိုင်ငံ၊ ချိုကို (Choco) ဒေသ၊ ဆန်ဟိုဆေးဒဲလ်ပယ်လ်မာ (San Jose del Palmar) စည်ပင်သာယာနယ်နိမိတ်အနီးကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်သည်။ ကိုလံဘီယာနိုင်ငံကမူ အစပိုင်းတွင် ရစ်ခ်တာစကေး ၆ ဒသမ ၆ အဆင့်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါငလျင်သည် အနက် ၁၀၇ ကီလိုမီတာ (၆၆ မိုင်) ခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း USGS က ပြောကြားခဲ့ပြီး အမေရိကန်ဆူနာမီသတိပေးစနစ်ကမူ ဆူနာမီသတိပေးချက် ထုတ်ပြန်ရန်မလိုကြောင်း ပြောဆိုသည်။
”ကျွန်မတို့ ချိုကိုပြည်နယ်မှာ အင်အားပြင်းငလျင်တစ်ခုကို ခုလေးတင် ကြုံတွေ့လိုက်ရပါတယ်။ နောက်ဆက်တွဲငလျင် (Aftershocks) တွေ ဖြစ်လာမှာကို စိုးရိမ်မိပါတယ်” ဟု ချိုကိုပြည်နယ်အုပ်ချုပ်ရေးမှူး နူဘီယာ ကာရိုလိုင်းနား ကော်ဒိုဘာ-ကျူရီ က X လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။

ထို့အပြင် “ငလျင်ဗဟိုချက်က ဆန်ဟိုဆေးဒဲလ်ပယ်လ်မာ အနီးမှာဖြစ်ပေမဲ့ ပြည်နယ်မြို့တော် ကွစ်ဘ်ဒို (Quibdo) မှာရှိတဲ့ အဆောက်အအုံတွေ တော်တော်များများ ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ ကျွန်မတို့ ပျက်စီးဆုံးရှုံးမှုစာရင်းကို ကောက်ယူနေပြီဖြစ်လို့ ပထမဆုံး တရားဝင်အစီရင်ခံစာကို မကြာမီ ထုတ်ပြန်ပေးပါမယ်။”ဟုလည်း ဆက်လက်ပြောခဲ့သည်။
ငလျင်ဒဏ်သင့်ဒေသများရှိ ဒေသခံများအနေဖြင့် သတိပြုနေထိုင်ကြရန် ကိုလံဘီယာနှင့် အီကွေဒေါနိုင်ငံတို့မှ အာဏာပိုင်များက တိုက်တွန်းထားပြီး၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကလည်း ငလျင်သက်ရောက်မှုကို ဆန်းစစ်နေကြသည်။
မြို့တော်ဘိုဂိုတာတွင် ငလျင်လှုပ်ခတ်မှုကြောင့် မော်တော်ကားနှင့် အဆောက်အအုံများမှ အချက်ပေးဥဩသံများ မြည်ဟီးလာခဲ့ပြီး လူအများအပြား လမ်းမပေါ်သို့ ထွက်ပြေးခဲ့ကြသည်။
ဘိုဂိုတာမြို့တော်ဝန် ကားလို့စ် ဂါလန် က ငလျင်လှုပ်ပြီး မကြာမီတွင်ပင် လူထိခိုက်ဒဏ်ရာရမှု သတင်းများမရှိသေးကြောင်းနှင့် အဆောက်အအုံအချို့တွင် အက်ကြောင်းထင်ရုံသာ ရှိကြောင်း လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။
”ဘိုဂိုတာမှာ ပြင်းထန်တဲ့ အဆောက်အအုံပိုင်းဆိုင်ရာ ပျက်စီးမှုမျိုး မတွေ့ရသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အင်အားစုတွေကို နိုင်ငံတော်အတွက် ကူညီပံ့ပိုးပေးနိုင်ဖို့ အဆင်သင့်ပြင်ထားပါတယ်။ ထိခိုက်ခံစားရတဲ့ မြို့တွေနဲ့အတူ ကျွန်တော်တို့ ထပ်တူထပ်မျှ ရပ်တည်ပါတယ်။ ဒီအရေးပေါ်အခြေအနေကို ဆက်လက်ဖြေရှင်းသွားမှာဖြစ်ပြီး လိုအပ်တဲ့ အကူအညီတွေကို ပေးအပ်သွားမှာပါ” ဟု ဂါလန်က ရေးသားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း Eje Cafetero ဟုခေါ်သော ကမ္ဘာလှည့်ခရီးသွားဒေသရှိ ပါရဲရား (Pereira) နှင့် မာနီဇာလက်စ် (Manizales) ကဲ့သို့သော မြို့များတွင် အဆောက်အအုံများ ပြိုကျပျက်စီးနေသည့် ရုပ်သံမှတ်တမ်းများကို သတင်းဌာနများက ထုတ်လွှင့်ပြသခဲ့သည်။
ကနဦးသိရသည့် လူသေဆုံးမှုသတင်းများအရ ဗယ်လီ ဒဲလ် ကော်ကာ ပြည်နယ် (Valle del Cauca) တွင် လူ ၂၇ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် ကလေးငယ် ၃ ဦး ပါဝင်သည်။ ထို့အပြင် ပါရဲရားမြို့တွင် ၁၈ ဦး သေဆုံးခဲ့ပြီး အဆောက်အအုံ အမြောက်အမြား ပြိုကျမှုအောက်တွင် လူများစွာ ပိတ်မိနေဆဲ ဖြစ်သည်။ အလားတူ မာနီဇာလက်စ်မြို့တွင် ဘုရားကျောင်းကြီးတစ်ခု၏ မျှော်စင်ပြိုကျမှု အပါအဝင် ငလျင်ကြောင့် ၂ ဦး သေဆုံးခဲ့သည်ဟု ကနဦးသတင်းများက ဖော်ပြပြီး သေဆုံးမှုများ ဆက်လက် မြင့်တက်လာဦးမည်ဖြစ်သည်။
မတ်ဒလင်း (Medellin) မြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် တိုက်ခန်းတွဲများမှ အရေးပေါ်အချက်ပေးဥဩသံများ ထွက်ပေါ်လာခဲ့ပြီး လူများသည် ညဝတ်အင်္ကျီများဖြင့်လည်းကောင်း၊ သို့မဟုတ် တဘက်တစ်ထည်ကို ကိုယ်တွင်ပတ်၍လည်းကောင်း နေအိမ်များထဲမှ ထွက်ပြေးခဲ့ကြသည်။ အဆိုပါမြို့တွင် အဆောက်အအုံတစ်ခုလုံး ပြိုကျခြင်းမျိုး သို့မဟုတ် လူသေဆုံးမှုမျိုး မရှိကြောင်း သိရသည်။ မတ်ဒလင်းမြို့တော်ဝန် ဖက်ဒရီကို ဂူတီယာရက်ဇ် ကမူ အခြေခံအဆောက်အအုံ ပျက်စီးမှုရှိမရှိ စစ်ဆေးရန် လိုအပ်သောကြောင့် မြို့၏ မြေအောက်ရထားလိုင်း ပုံမှန်ပြေးဆွဲမှုကို ယာယီရပ်ဆိုင်းထားခဲ့သည်။
မတ်ဒလင်းမြို့ဆင်ခြေဖုံးရှိ မြို့ငယ်လေးများတွင်မူ အမိုးများပြိုကျခြင်းနှင့် နံရံများအက်ကွဲခြင်း အပါအဝင် အဆောက်အအုံ ပျက်စီးမှုများရှိကြောင်း သတင်းပို့ထားသည်။
ဘိုဂိုတာမြို့၏ အနောက်တောင်ဘက်ရှိ ကာလီ (Cali) မြို့တွင် အနည်းဆုံး အဆောက်အအုံ ၂၅ လုံး ပြိုကျခဲ့ပြီး “အနည်းဆုံး လူတစ်ဦး သေဆုံးကာ လူအများအပြားပိတ်မိနေကြောင်း မြေပြင်အာဏာပိုင်များက အတည်ပြုခဲ့သည်။ မြို့တော်ဝန် အလက်ဟန်ဒရို အီဒါ က မြို့အတွင်း ပူးတွဲကွပ်ကဲမှုဗဟိုဌာနတစ်ခု တည်ဆောက်ထားကြောင်း အတည်ပြုခဲ့ပြီး၊ ညီနောင်မြို့များဖြစ်သည့် မတ်ဒလင်းနှင့် ဘိုဂိုတာမြို့တို့ထံမှ ကူညီပံ့ပိုးပေးရန် တောင်းဆိုထားသည်။
ဤငလျင်သည် ဇွန်လနှောင်းပိုင်းက ဗင်နီဇွဲလားနိုင်ငံတွင် လူပေါင်း ၆,၀၀၀ ကျော် သေဆုံးပြီး အဆောက်အအုံ ရာပေါင်းများစွာ ပျက်စီးခဲ့ရသည့် အင်အားပြင်းငလျင်နှစ်ခု လှုပ်ခတ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ထပ်မံလှုပ်ခတ်လာခြင်းဖြစ်သည်။ ဗင်နီဇွဲလားတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ အဆင့်ရှိ တုန်ခါမှုများသည် မကြာသေးမီနှစ်များအတွင်း ထိုဒေသတွင် လူသေဆုံးမှုအများဆုံး ငလျင်များထဲတွင် ပါဝင်ခဲ့သည်။
Ref: Al Jazeera & AP
