
သက်တံ့
၉. ၈.၂၀၂၆
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဟတ်ယိုင် (Hat Yai) မြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် အလုပ်ထုတ်ခံရသည့် ဆရာဟောင်းတစ်ဦးက သေနတ်ဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု ယူဆရသဖြင့် သင်ခန်းစာများကို အွန်လိုင်းစနစ်သို့ ပြောင်းလဲသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဟတ်ယိုင်ဝိတ္တယာလိုင်ကျောင်း (Hat Yai Wittayalai School) တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် တောင်အာဖရိကနိုင်ငံသား အင်္ဂလိပ်စာဆရာဟောင်းသည် အလုပ်အကိုင်ဆိုင်ရာ အငြင်းပွားမှုတစ်ခု ဖြစ်ပွားပြီးနောက် ကျောင်းစီမံခန့်ခွဲသူများ၊ ဆရာများနှင့် ကျောင်းသားများကို ပစ်မှတ်ထားကာ ခြိမ်းခြောက်စာများ၊ အသံဖိုင်များနှင့် သေနတ်ပုံရိပ်များကို လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါကျောင်းသည် မနက်ဖြန် ဩဂုတ်လ ၁၀ ရက်မှ ၁၁ ရက်အထိ အတန်းများကို အွန်လိုင်းစနစ်ဖြင့်သာ သင်ကြားရန် ဆုံးဖြတ်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါဆရာဟောင်းသည် ၎င်းအား အလုပ်မှထုတ်ပယ်မှု အာဏာမတည်မီ (ဇူလိုင် ၂၄ ရက်) ငါးရက်အလိုဖြစ်သော ဇူလိုင် ၁၉ ရက် မွန်းလွဲ ၂ နာရီ ၃၉ မိနစ်ကတည်းက ပဒန်းဘီဆာ (Padang Besar) စစ်ဆေးရေးဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ ၎င်း၏ ဟတ်ယိုင်ရှိ နေအိမ်ဟောင်းကို သွားရောက်စစ်ဆေးရာတွင်လည်း မည်သူမျှ နေထိုင်ခြင်းမရှိတော့ဘဲ လစ်လပ်နေသည်ကို တွေ့ရှိရသည်။
ကျောင်းအာဏာပိုင်များက ဩဂုတ်လ ၈ ရက်နေ့တွင် ရဲစခန်း၌ တိုင်ချက်ဖွင့်ခဲ့ပြီး မကြာသေးမီက နွန်ထပူရီ (Nonthaburi) တွင် ဖြစ်ပွားခဲ့သော ကျူးလွန်သူကျောင်းသား၊ ထိုကျောင်းသား၏ အဘိုးအဘွားနှင့် ဆရာ၊ ဆရာမများ အပါအဝင် ၉ ဦး သေဆုံးခဲ့သည့် ကျောင်းတွင်းသေနတ်ပစ်ခတ်မှု ဖြစ်စဉ်ကြောင့် လုံခြုံရေးကို ပိုမိုတိုးမြှင့်ထားခဲ့သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က အဆိုပါဆရာဟောင်းအား လူဝင်မှုကြီးကြပ်ရေး စောင့်ကြည့်စာရင်း (Watchlist) တွင် ထည့်သွင်းထားပြီး ကျောင်းပတ်ဝန်းကျင်၌ ကင်းလှည့်မှုများ တိုးမြှင့်ထားကာ ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းမှုမှန်သမျှကို စောင့်ကြည့်သွားမည်ဟု ပြောကြားထားသည်။
Ref: Thai Enquirer
