၉.၈.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ နောင်ရဲကျေးရွာနေ KG တန်းတွင် ပညာသင်ကြားနေသော အသက် ၆ နှစ်အရွယ် မိန်းကလေးကို နားကပ်ဖြုတ်ကာ သတ်ဖြတ်ခဲ့သည့် အမျိုးသမီးကို သြဂုတ်လ ၈ ရက် မွန်းလွဲပိုင်းက ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
အသက် ၆ နှစ်အရွယ် မဆောင်းနှင်းဝေမှာ သြဂုတ်လ ၆ ရက် ညနေ ၅ နာရီခန့်က တစ်အိမ်ကျော်ရှိ သူငယ်ချင်းအိမ်သို့ စာကျက်မည်ဟုဆိုကာ နေအိမ်မှ ထွက်သွားခဲ့ပြီး ပြန်မလာသဖြင့် မိဘများက လိုက်လံရှာဖွေရာ သူငယ်ချင်းအိမ်မှ ပြန်သွားပြီးနောက် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
ပျောက်ဆုံးနေသည့်ကလေးငယ်ကို မိသားစုနှင့် ကျေးရွာဒေသခံများက လိုက်လံရှာဖွေခဲ့ရာ သြဂုတ်လ ၆ ရက် ည ၁၁ နာရီခန့်တွင် ရွာအနီး ဆုတောင်းပြည့် ငါးဆူတောင်ဘုရားအနီး ရေတွင်း (ရေစုကန်)၌ နားကပ်မပါတော့ဘဲ သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က လိုက်လံစစ်ဆေးရာ ကလေးငယ်ကို ခေါ်သွားသည့် တစ်ရွာတည်းနေ အသက် ၁၉ နှစ်အရွယ် မိုးမိုးထွေး (ခ) မိုးစက်ကို မသင်္ကာ၍ စစ်ဆေးခဲ့ရာမှ လူသတ်မှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
မိုးမိုးထွေးက မဆောင်းနှင်းဝေ ဝတ်ဆင်ထားသော ရွှေနားကပ်ကို လှသဖြင့် ကြည့်လိုကြောင်း ချော့မော့ပြောဆိုကာ နားကပ်ကိုဖြုတ်ယူပြီးနောက် ကလေးငယ်ကို ရေစုကန်ထဲသို့တွန်းချခဲ့ကြောင်း ၎င်း၏ထွက်ဆိုချက်အရ သိရသည်။
မိန်းကလေးငယ်ကို နားကပ်ဖြုတ်ကာ ရေစုကန်ထဲတွန်းချခဲ့သော အသက် ၁၉ နှစ်အရွယ် မိုးမိုးထွေး (ခ) မိုးစက်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အောင်ပန်းနယ်မြေရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
“ကလေးတွေကို ရွှေဆင်ပေးတာဟာ အသိတရားမဲ့စွာနဲ့ အန္တရာယ်ကို ကလေးအတွက် ဖိတ်ခေါ်ပေးလိုက်တာပါပဲ။ ဒါကြောင့် ကလေးကိုချစ်ရင် ရွှေမဆင်ပါနဲ့။ နားကပ်တစ်ရံအတွက်နဲ့ ကလေးက အသက်ပေးလိုက်ရတယ်”ဟု အောင်ပန်းဒေသခံတစ်ဦးက ပြောသည်။
