၈.၈.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း မုတ်သုံမိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးခဲ့လို့ အနည်းဆုံး လူ ၉၇ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက သြဂုတ်လ ၇ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ တရားဝင်စာရင်းအရ သိရပါတယ်။
မုတ်သုံမိုးသည်းထန်စွာရွာသွန်းခဲ့လို့ ဒေသအတွင်း ရွာတွေ၊ အိမ်တွေနဲ့ စိုက်ပျိုးမြေတွေ ရေလွှမ်းမိုးခဲ့ရတယ်လို့လည်း AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးအဖြစ် ဖော်ပြခံရတဲ့ အာသံပြည်နယ်ရှိ ရေကြီးမှုတွေက လူပေါင်း ၁၇၀,၀၀၀ နီးပါးကို ထိခိုက်စေခဲ့ပြီး မြစ်တွေရေလျှံကာ အိမ်တွေရေနစ်မြုပ်ပြီးနောက် ထောင်နဲ့ချီတဲ့ လူတွေဟာ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံခဲ့ကြရပါတယ်။ စိုက်ပျိုးမြေ ဟက်တာ ၁၄,၀၀၀ ကျော် ရေလွှမ်းမိုးခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။


ကျန်းမာရေးနှင့် မိသားစုရေးရာဝန်ကြီး နတ်ဒါက ပျက်စီးဆုံးရှုံးမှုပမာဏက အလွန်ကြီးမားတယ်လို့ ပြောကြားခဲ့ပြီး ဒေသအတွင်း ရွာတစ်ရွာပြီးတစ်ရွာ ဆိုသလို ရေလွှမ်းမိုးခံနေရလို့ ပြန်လည် ထူထောင်ရေးက အချိန်ယူရမယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အိန္ဒိယရဲ့ အကြီးဆုံးမြစ်ဖြစ်တဲ့ ဗြဟ္မပုတြမြစ်နဲ့ သူ့ရဲ့မြစ်လက်တက်တွေ မုတ်သုံရာသီအတွင်း ရေလျှံတဲ့ ဇွန်လမှ စက်တင်ဘာလအထိ အာသံပြည်နယ်မှာ ရေကြီးရေလျှံမှုတွေ အဖြစ်များပါတယ်။ ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုနဲ့ ညံ့ဖျင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတို့နဲ့ ပေါင်းစပ်လိုက်တဲ့အခါ အခုလိုမျိုး ဘေးအန္တရာယ်တွေရဲ့ ဖြစ်ပွားမှုနှုန်းနဲ့ ပြင်းထန်မှုကို ပိုလို့တိုးမြင့်လာစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားကြပါတယ်။
အခုလအစောပိုင်းကလည်း အိန္ဒိယအာဏာပိုင်တွေက သြဂုတ်လ ၃ ရက်နေ့မှာ တောင်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ ကီရာလာနဲ့ ကာနာတာကာတို့မှာ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှုနဲ့ မြေပြိုမှုတွေဖြစ်လို့ သေဆုံးသူ ၁၄ ဦး ရှိခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီနှစ် မုတ်သုံရာသီဟာထူးထူးခြားခြား ပြင်းထန်ခဲ့ပြီး ပြည်နယ်များစွာ ရေကြီးရေလျှံမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ရလို့ အာဏာပိုင်တွေက ထိခိုက်နစ်နာခဲ့ရတဲ့ ဒေသခံပြည်သူ အသိုင်းအဝိုင်းတွေကို ထောက်ပံ့ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်ဖို့ ရုန်းကန်နေရပါတယ်။
Ref- SANA

