၈.၈.၂၀၂၆
Written By Thandar
အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ဒရာမာဇာတ်လမ်းပုံစံ “ကံဧည့်သည်”ရုပ်ရှင်ဇာတ်ကားကြီး Artistic Show ပွဲအခမ်းအနားကို ဩဂုတ်လ ၇ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားက ဘုံတို့အားလုံးကြိုးစားထားတဲ့ ကံဧည့်သည် ဇာတ်ကားလေးပါ။ မြန်မာတွေကြိုက်တဲ့ မြန်မာရုပ်ရှင်စစ်စစ်ကို ဘုံတို့ သေချာရိုက်ပြီး ကြိုးစားထားပါတယ်။ ပုဂံရဲ့ အလှအပတွေရော၊ ပြီးတော့ ဘုံရဲ့ ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့ ပရိသတ်တွေ ကြည့်ရမှာပါ။ အရာအားလုံးက ကံကြုံရင်ဆုံရတယ်ပေါ့။ ကံကုန်ရင်တော့ ခွဲရတဲ့ပုံစံလေးမို့ ပရိသတ်တွေ အကြိုက်တွေ့စေမှာမို့ ရုံတင်ရင်အားပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ ဒါရိုက်တာ မယ်မင်းဘုံက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း လူညိုချော/မယ်မင်းဘုံ၊ ဇာတ်ညွှန်း အကယ်ဒမီသီလံ၊ DOP သီဟသစ်၊ ဒါရိုက်တာ မယ်မင်းဘုံက သရုပ်ဆောင်တွေဖြစ်တဲ့ တိုင်ရွန်၊ ရှိန်းတင်ထူး၊ ညီနန္ဒ၊ ကျော်ထက်အောင်၊ အကယ်ဒမီခိုင်နှင်းဝေ၊ ရွှေသမီး၊ ဆုအိမ့်စံ၊ စိုးမိုးကြည်၊ ရွှေပုံ စတဲ့သူတွေနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။
“ကံဧည့်သည်”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဩဂုတ်လ ၁၄ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
“ဒီဇာတ်ကားကို ဒေါ်ရွှေမဖြစ်ဖို့လည်း အများကြီး ပြင်ဆင်ပြီးတော့ ကြိုးစားထားပါတယ်။ ပါဝင်တဲ့ Actor တွေကလည်း တကယ့်ကို Team Work ကောင်းကောင်း စည်းစည်းလုံးလုံး ကြိုးစားထားတဲ့ ဇာတ်ကား တစ်ကားပါ။ အထက်တန်းစား မောက်မာတဲ့ပုံစံမျိုးပေါ့။ ဒါရိုက်တာက ပြောထားတဲ့အခါကြတော့ အိုက်တင်မကျွံ သွားအောင်ပေါ့။ ဒေါသထွက်ရင်လည်း လေသံကိုပြန်ချပြီး ပီပြင်အောင်လုပ်ခဲ့ရတယ်။ ပြီးခဲ့တဲ့ မောင့်မိဖုရားမှာ အမြဲတမ်း သိမ်ငယ်ခဲ့တဲ့ ဒေါ်မြညို မောက်မာခွင့်ပြန်ပေးလိုက်တာပါ။ အရမ်းကို မောက်မာခဲ့ပါတယ်”လို့ အကယ်ဒမီ ခိုင်နှင်းဝေကပြောပါတယ်။
#ဒါရိုက်တာမယ်မင်းဘုံ #တိုင်ရွန် #ရှိန်းတင်ထူး #ညီနန္ဒ #ကျော်ထက်အောင် #အကယ်ဒမီခိုင်နှင်းဝေ #ရွှေသမီး #ဆုအိမ့်စံ #ရွှေပုံ #MaeMinBon #Tyron #KyawHtetAung #ShweThaMee #KhineHninWai #ကံဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီး #AungThiriProduction




