သက်တံ့
၈. ၈. ၂၀၂၆
ထိုင်းနိုင်ငံ အန်ထောင်၊ ချာချင်းဆောင်၊ ချင်းမိုင်နှင့် ချွန်ဘူရီခရိုင်တို့မှ ကြက်ဥထုတ်လုပ်သူ သမဝါယမအသင်း ၄ ခု ပါဝင်သော ဥစားကြက်မွေးမြူရေး သမဝါယမအသင်းများကွန်ရက်က အရွယ်စုံ ခြံထွက်ကြက်ဥတစ်လုံးလျှင် ယခင် ၃ ဒသမ ၈၀ ဘတ်မှ ၄ ဘတ် (မြန်မာငွေ ၅၀၆ ကျပ်ခန့်မှ ၅၃၅ ကျပ်ခန့်) သို့ တိုးမြှင့်လိုက်သည့် အကြံပြု မွေးမြူရေးခြံထွက်ဈေးနှုန်းအသစ်ကို ယမန်နေ့ကစတင်ကာ ဈေးနှုန်းတိုးမြှင့်သတ်မှတ်ခဲ့သည်။
ဥစားကြက်မွေးမြူသူများအသင်းဥက္ကဋ္ဌ Mr. Manoch Chootubtim က ရာသီဥတုအပြောင်းအလဲမြန်ခြင်း၊ အပူရှိန်ပြင်းခြင်းနှင့် မိုးရွာခြင်းတို့ကြောင့် ကြက်ဥအထွက်နှုန်းကျဆင်းခဲ့ရပြီး ယင်းက လက်ကားဖြန့်သည့် ခြံထွက်ကြက်ဥဈေးကွက် မြင့်တက်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း Bangkok Post သတင်းစာသို့ ပြောကြားခဲ့သည်။
ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ကြက်မများ ရောဂါဖြစ်ပွားနိုင်ခြေ ပိုများလာပြီး ကြက်ဥအထွက်နှုန်း လျော့နည်းစေသည်။ ထို့ကြောင့် မွေးမြူရေးသမားများသည် ကြက်အုပ်စု ကျန်းမာရေးကို ထောက်ပံ့ရန် ဤကာလအတွင်း အာဟာရဖြည့်စွက်စာများ ကျွေးမွေးကြရသည်။
မွေးမြူရေးသမားများသည် လုပ်ငန်းလည်ပတ်မှုစရိတ် မြင့်မားခြင်းနှင့်လည်း ရုန်းကန်နေရသည်။ ယခုနှစ်ဆန်းပိုင်းတွင် တိရစ္ဆာန်အစာဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၁၃ ဘတ်ခန့်ရှိရာမှ လက်ရှိတွင် ၁၄ ဘတ်မှ ၁၆ ဘတ်အထိ မြင့်တက်လာကြောင်း Mr. Manoch ၏ ပြောကြားချက်အရ သိရသည်။
ရာသီဥတုအခြေအနေ ကောင်းမွန်လာပါက ကြက်မများ၏ ဥနှုန်းကို အထောက်အကူပြုပြီး အပူဒဏ်ကြောင့် ဖြစ်ပွားတတ်သော ရောဂါဘယဘေးများကို လျော့နည်းစေမည်ဖြစ်သောကြောင့် အောက်တိုဘာလတွင် ကြက်ဥဈေးနှုန်းများ ပြန်လည်ကျဆင်းသွားမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ရလဒ်အနေဖြင့် ဈေးကွက်ထဲသို့ ကြက်ဥများ ပိုမိုဝင်ရောက်လာမည် ဖြစ်သည်။
စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Chanon Koetcharoen က ကြက်ဥဈေးနှုန်း ကြီးမြင့်လာမှုကြောင့် စားသောက်ဆိုင်ပိုင်ရှင်များသည် ဈေးနှုန်းပိုမိုသက်သာသည့် ပိုမိုသေးငယ်သော ကြက်ဥအရွယ်အစားများကို ရွေးချယ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း အနည်းငယ်မျှသာ တိုးမြှင့်သောစျေးမှာ ပုံမှန်အားဖြင့် တစ်လုံးလျှင် ၁၀ ဘတ်မှ ၁၅ ဘတ်ခန့် ကျသင့်သော လမ်းဘေးစာသောက်ဆိုင်များ၏ ကြက်ဥကြော်ဈေးနှုန်းများကိုမူ ပြောင်းလဲနိုင်ခြေမရှိသေးပေ။
ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန (DIT) သည် ဩဂုတ်လ ၁၃ ရက်မှ ၃၁ ရက်အထိ နိုင်ငံအနှံ့ “Thai Chuay Thai” အစီအစဉ်ဖြင့် ကြက်ဥ ၃ ဒသမ ၄၂ သန်းကို ဈေးကွက်ပေါက်ဈေးထက် ၁၀ ရာခိုင်နှုန်း သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရန် စီစဉ်ထားသည်။
ကြက်ဥပြတ်လပ်မှု မရှိသော်လည်း ထုတ်လုပ်မှုပမာဏမှာ ပုံမှန်စံနှုန်းအောက် လျော့နည်းနေကြောင်း DIT က ပြောကြားခဲ့သည်။
အဆိုပါဦးစီးဌာနသည် ယခုလတွင် နေ့စဉ် ကြက်ဥအထွက်နှုန်း ၄၃ ဒသမ ၄ သန်းအထိ ရှိလာမည်ဟု မျှော်လင့်ထားသော်လည်း ယင်းမှာ ပုံမှန်အထွက်နှုန်းထက် ၃ ရာခိုင်နှုန်းခန့် ကျဆင်းနေခြင်း ဖြစ်သည်။
မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အချက်အလက်များအရ ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် တစ်ရက်လျှင် ကြက်ဥ ၄၃ သန်း ထုတ်လုပ်ခဲ့ပြီး ၉၇ ရာခိုင်နှုန်းကို ပြည်တွင်းစားသုံးမှုအတွက် အသုံးပြုကာ ကျန်ရှိသောပမာဏကို ပြည်ပသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ခြံထွက်ကြက်ဥစျေးနှုန်းကို မတ်လကလည်း ၃ ဒသမ ၂၀ ဘတ်မှ ၃ ဒသမ ၄၀ ဘတ်သို့ စတင် တိုးမြင့်ခဲ့ကာ ယခုမူ ၃ ဒသမ ၈၀ ဘတ်မှ ၄ ဘတ်အထိ ဆက်လက်မြင့်တက်လာခဲ့သည်။ထိုင်းနိုင်ငံလက်လီစျေးကွက်တွင် ကြက်ဥတစ်လုံးမှာ အရွယ်အစားနှင့် အမျိုးအစားအလိုက် ၆ ဘတ်မှ ၈ ဘတ်၊ ၉ ဘတ် (ယနေ့ပေါက်စျေး ၁ ဘတ် ၁၃၃ ဒသမ ၅ ကျပ်ခန့်) ဝန်းကျင်အထိ ရှိနေပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းကလည်း ရာသီဥတုပူပြင်းမှုနှင့် မွေးမြူရေးအစာစျေးတက်မှုကြောင့် ကြက်ဥတစ်လုံး၏ လက်ကားစျေးနှုန်း ၄ ဘတ်အထိ မြင့်တက်ခဲ့ဖူးသည်။
