၇.၈.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေသော မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်၏ ခရီးစဉ်အတွင်းနှစ်ဖက် ခေါင်းဆောင်များသည် အလုပ်သမား၊ လေထုညစ်ညမ်းမှုနှင့် အာကာသနည်းပညာဆိုင်ရာတို့ အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးကို ပို၍ အရှိန်တိုးမြှင့်စေမည့် ကဏ္ဍပေါင်းစုံကို ဆွေးနွေးခဲ့ကြကြောင်း ထိုင်းနိုင်ငံ သတင်းစာများက ဖော်ပြခဲ့ကြသည်။
ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် အနုထင်တို့က နှစ်နိုင်ငံဆွေးနွေးပွဲများ သြဂုတ်လ ၆ ရက်က ပြုလုပ်ခဲ့သည့်အပြင် ထိုင်းနှင့် မြန်မာတို့အကြား ရွှေ့ပြောင်းအလုပ်သမားရေးရာ၊ နယ်စပ်ဖြတ်ကျော် ရေအရည် အသွေးစီမံခန့်ခွဲမှုနှင့် အာကာသနည်းပညာတို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်၍ နားလည်မှု စာချွန်လွှာ (MoU) သုံးခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ပြင် အိမ်နီးချင်းနှစ်နိုင်ငံက လုံခြုံရေး၊ ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ကဏ္ဍအမျိုးမျိုးတွင် ဆက်ဆံရေးကို ခိုင်မာစေရန် ကတိပြုခဲ့ကြသည်။

အလားတူ ခေါင်းဆောင်နှစ်ဦးက လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိစေရန် နယ်စပ်ဖြတ်ကျော် စိမ်ခေါ်မှုများကို စီမံခန့်ခွဲရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထိုင်းဝန်ကြီးချုပ်က အာဆီယံတွင် မြန်မာနိုင်ငံ ပါဝင်မှုကို ထိုင်းနိုင်ငံက ထောက်ခံကြောင်း ထပ်မံအတည်ပြုခဲ့ပြီး ရေရှည်တည်တံ့သော တိုးတက်မှုအတွက် အတူတကွ လုပ်ဆောင်ရန် ထိုင်းနိုင်ငံ၏ ကတိကဝတ်ကို ဖော်ပြခဲ့သည်။
နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အရေးကြီးကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ အများပြည်သူ ဘေးကင်းရေးနှင့် နယ်စပ်လုံခြုံရေးကို မြှင့်တင်ရန် သက်ဆိုင်ရာ အေဂျင်စီများအကြား ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေရန်အတွက် အထူးသဖြင့် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု၊ အွန်လိုင်းလိမ်လည်မှုများနှင့်ငွေကြေးခဝါချမှုများကို တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်လည်း ၎င်းက အဆိုပြုခဲ့သည်။
မစ္စတာအနုထင်က စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ထိုင်း-မြန်မာ ဆက်ဆံရေး၏ အုတ်မြစ်အဖြစ် ဖော်ပြခဲ့သည်။ မဲဆောက်နှင့် မြဝတီကို ဆက်သွယ်ထားသော ဒုတိယမြောက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ခြင်းကို ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံစလုံးအနေဖြင့် စည်းမျဉ်းစည်းကမ်း အတားအဆီးများကို ဖယ်ရှားရန်၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေရန်နှင့် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်အသက်သွင်းရန် တောင်းဆိုခဲ့သည်။
ထိုင်းနိုင်ငံ အနေဖြင့် ယခုနှစ်နှောင်းပိုင်းတွင် ပူးတွဲကုန်သွယ်ရေးကော်မတီ (JTC) အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အသင့်ရှိကြောင်း အတည်ပြုခဲ့သည်။
၎င်းက စွမ်းအင်၊ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာခြင်း၊ နှစ်နိုင်ငံငွေပေးချေမှု ယန္တရားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် အတွက် ထိုင်း၊ မြန်မာနှင့် ပိုမိုကျယ်ပြန့်သောဒေသကို ဆက်သွယ်ထားသော စီးပွားရေးစင်္ကြံများနှင့် အခြေခံ အဆောက်အအုံများတွင် တိုးတက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်ရန် အဆိုပြုခဲ့သည်။
မစ္စတာ အနုထင်က နှစ်နိုင်ငံ အလုပ်သမား သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းကို ကြိုဆိုခဲ့ပြီး မြန်မာလုပ်သားများ၏ ထိုင်းနိုင်ငံ၏ စီးပွားရေးအတွက် အရေးကြီးသော ပံ့ပိုးကူညီမှုကို မီးမောင်း ထိုးပြခဲ့သည်။ အစိုးရနှစ်ရပ်အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တရားဝင်အလုပ်အကိုင်ကို မြှင့်တင်ပေးနေစဉ်တွင် ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးနှင့် ကောင်းကျိုးချမ်းသာကို ကာကွယ်ရန် ထိုင်းအစိုးရ၏ ကတိကဝတ်ကို ၎င်းက ထပ်လောင်းအတည်ပြုခဲ့သည်။
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာကို ဖြေရှင်းရန် အစီအမံများ အကောင်အထည်ဖော်မှုကို အရှိန်မြှင့်တင်ရန်နှင့် မြစ်ရေညစ်ညမ်းမှုဆိုင်ရာ ပူးတွဲနည်းပညာလုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။ နယ်စပ်ဒေသများရှိ ပတ်ဝန်းကျင်အရည်အသွေးနှင့် လူနေမှုအဆင့်အတန်းများ မြှင့်တင်ရန်အတွက် ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ရေကြီးရေလျှံမှုကာကွယ်ရေးတို့တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်လည်း ခေါင်းဆောင်နှစ်ဦးက ကတိပြုခဲ့ကြသည်။
ထိုင်းနိုင်ငံက စိုက်ပျိုးရေး၊ ပြည်သူ့ကျန်းမာရေး၊ ပညာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ပံ့ပိုးမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိရန် အသင့်ရှိကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က ထိုင်း-မြန်မာ စီးပွားရေးဖိုရမ် ၂၀၂၆ ကိုလည်းတက်ရောက်ကာ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးတို့အတွက် ဖိတ်ခေါ်ပြောကြားခဲ့သည်။
ထို့ပြင်သမ္မတဦးမင်းအောင်လှိုင်က ထားဝယ်စီမံကိန်းကို ထိုင်းနိုင်ငံနှင့်ချိတ်ဆက်ဆောင်ရွက်သွားမည်ဟုလည်းပြောကြားခဲ့သည်။ နှစ်နိုင်ငံဆွေးနွေးပွဲတွင် ရန်ကုန်-ဗန်ကောက် ချစ်ကြည်ရေးခရီး တိုးချဲ့ပြေးဆွဲသွားရန်လည်း သဘောတူခဲ့ကြကြောင်းသိရသည်။
ထို့ကြောင့်လည်း မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင် ၏ ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးကနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု တို့ကို ပို၍ အရှိန်မြှင့်ပေးလိမ့်မည်ဟု သုံးသပ်ရပေသည်။
Ref : Bangkok Post
