သက်တံ့
၁. ၈. ၂၀၂၆
ပြင်သစ်နိုင်ငံတွင် ဇူလိုင် ၂၃ ရက်မှ စတင်ကျင်းပလျက်ရှိသည့် Esports ကမ္ဘာ့ဖလား (Esports World Cup 2026) Mobile Legend ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) ဝင်ရောက်ယှဥ်ပြိုင်နေရာ ယနေ့တွင် ရုရှားအသင်း Team Spirit (TS) နှင့် ဗိုလ်လုပွဲ ဆင်နွှဲခဲ့သော်လည်း YG မှာ ၄ – ၃ ဖြင့် အရေးနိမ့်ကာ ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်ါ
ပြင်သစ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် Esports World Cup 2026 MLBB ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု YG အသင်းသည် ဇူလိုင် ၁၉ ရက်တွင် မြန်မာနိုင်ငံမှထွက်ခွာခဲ့ပြီး ဇူလိုင် ၂၃ ရက်တွင် စတင်ယှဉ်ပြိုင်ခဲ့ရာ အုပ်စုပထမပွဲစဉ်တွင် ဆော်ဒီအာရေဗျနိုင်ငံမှ Geekay Esports အသင်းကို ၂-၀ ရလဒ်ဖြင့် လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ PRO Esports ကို ၂-၀ ရလဒ်ဖြင့် လည်းကောင်း အောင်မြင်ခဲ့သလိုဇူလိုင် ၂၉ ရက်က ကွာတားဖိုင်နယ်ပွဲစဉ်တွင် Double Elimination Format အရ ကမ္ဘောဒီးယားနိုင်ငံမှ PRO Esports အသင်းကိုပင် ၃ – ၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ ရှုံးပွဲမရှိဖြင့် တက်လှမ်းနိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် ဖိလစ်ပိုင်နိုင်ငံမှ Team Falcons PH အသင်းကို ၃ – ၂ ရလဒ်ဖြင့် ထပ်မံ ကျော်ဖြတ်နိုင်ခဲ့သည့်အတွက် နောက်ဆုံးဗိုလ်လုပွဲဲကြီး Grand Final သို့ ရှုံးပွဲမရှိ တက်ရောက်နိုင်ခဲ့သည်။
တစ်ဖက်တွင်လည်း ရှုံးပွဲမရှိတက်လှမ်းလာသည့် TS နှင့် YG တို့ ဗိုလ်လုပွဲတွင် ပွဲငယ် ခုနစ်ပွဲ ယှဥ်ပြိုင်ကာ ၄ ပွဲ အနိုင်ရသူက ချန်ပီယံဖြစ်မည်ဖြစ်ရာ မြန်မာ YG အသင်းမှာ အကြိတ်အနယ်ယှဥ်ပြိုင်နိုင်ခဲ့သော်လည်း ၄ – ၃ ဖြင့် အရေးနိမ့်ခဲ့ရသည်။
ထို့ကြောင့် ချန်ပီယံဖြစ်သွားသည့် TS က ဆုကြေး ဒေါ်လာ တစ်သန်း သိမ်းပိုက်သွားခဲ့ပြီး YG ကမူ ဒုတိယဆု ဒေါ်လာ ငါးသိန်း ဆွတ်ခူးနိုင်ခဲ့သည်။
Yangon Galacticos ၏ PUBG Mobile အသင်းသည် ယခင်နှစ်က ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် Esports ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးရရှိထားချိန် YG ၏ MLBB အသင်းကလည်း ဗိုလ်လုပွဲသို့ တက်နိုင်ခဲ့ပြီဖြစ်သဖြင့် ကမ္ဘာကျော် Esports ကစားနည်းနှစ်မျိုးတွင် မြန်မာနိုင်ငံက နှစ်နစ်ဆက် ကမ္ဘာ့ချန်ပီယံအိပ်မက် မက်ခွင့်ရခဲ့သော်လည်း ယခုမူ အကောင်းဆုံး ဒုတိယအဖြစ်သာ ကျေနပ်ခဲ့ရသည်။
