သတိုး
၁. ၈. ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ဘက် ကော့ခ်ဘဇား (Cox’s Bazar) ခရိုင် ကမ်းလွန်တွင် ဇူလိုင် ၃၁ ရက်က ဘင်္ဂါလီလက်နက်ကိုင် ၃၀ ခန့် လိုက်ပါလာသည့် စက်လှေတိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ဘင်္ဂါလီ ၁၈ ဦးအား ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများက ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန် ၉ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါ စက်လှေသည် တက်ခ်နက်ဖ် (Teknaf) မြို့နယ်ရှိ ဘင်္ဂလားပင်လယ်ကွေ့အတွင်းမှ ရှာပါရီဒွစ်ပ် (Shahpari Dwip) ကျွန်းအနီးတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရရှိသူများထဲတွင် အမျိုးသမီးနှင့် ကလေးသူငယ်များ ပါဝင်ခြင်း မရှိပေ။
တက်ခ်နက်ဖ် ရဲစခန်းမှ တာဝန်ရှိသူ ဆိုင်ဖူးလ် အစ္စလာမ် (Saiful Islam) က လွတ်မြောက်လာသူ ၁၈ ဦးအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထံ လွှဲပြောင်းပေးခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်နေကြောင်း Anadolu သတင်းဌာနသို့ ပြောကြားခဲ့သည်။
ကယ်ဆယ်ရရှိသူများသည် ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းရှိ ပြိုင်ဘက်အဖွဲ့များနှင့် သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ကာ ကော့ခ်ဘဇား ဒုက္ခသည်စခန်းများရှိ မိသားစု/မိတ်ဆွေများနှင့် ပြန်လည်ပူးပေါင်းရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ကြောင်း အစ္စလာမ်က ဆိုသည်။ (မှတ်ချက် ရခိုင်ပြည်နယ်ဘက်ခြမ်းမှ AA အကြမ်းဖက်အဖွဲ့ကို ဘင်္ဂါလီလက်နက်ကိုင် ARSA နှင့် အခြားအဖွဲ့များက သွားရောက်တိုက်ခိုက်ခြင်းဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနများကမူ စက်လှေမှောက်သည့် ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့အမည်ကို ဖော်ပြခြင်းမရှိပေ။)
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဘင်္ဂါလီလက်နက်ကိုင် ARSA ၏ အကြမ်းဖက်တိုက်ခိုက် သွေးဆောင်မှုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာရသည့် ဘင်္ဂါလီများကို လက်ခံထားရှိပြီး ၎င်းတို့အနက် အများစုမှာ ကော့ခ်ဘဇားဒေသတွင် ခိုလှုံနေကြခြင်းဖြစ်သည်။
လွန်ခဲ့သည့် ဇွန်လအကုန်ပိုင်းက ရခိုင်ပြည်နယ်မှ ထွက်ခွာလာသည့် စက်လှေနှစ်စင်း တိမ်းမှောက်ခဲ့ဖွယ်ရှိပြီး ရိုဟင်ဂျာ ၅၀၀ ကျော် သေဆုံးခဲ့ဖွယ်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) နှင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) တို့က ဇူလိုင် ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ယင်းစက်လှေပေါ်ပါသူ အချို့မှာ ကော့ခ်ဘဇား ဒုက္ခသည်စခန်းများမှ ခရီးစဉ်စတင်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
Ref : Anadolu Agency
