၁.၈.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ရေတပ်မှ F-35B Lightning II လျှို့ဝှက်တိုက်လေယာဉ်တစ်စင်းသည် ကယ်လီဖိုးနီး ယားပြည်နယ်၊ ဆန်ဒီယေဂိုရှိ မီရာမာရေတပ်၏ လေတပ်စခန်းအနီးတွင် ဇူလိုင်လ ၃၁ ရက်က ပျက်ကျခဲ့သော်လည်း လေယာဉ်မှူးမှာ လေထီးဖြင့်ခုန်ထွက်နိုင်ခဲ့ပြီး အသက်ရှင်နိုင်ဖွယ်ရှိကြောင်း အမေရိကန်ရေတပ်က ပြောကြားခဲ့သည်။
အမေရိကန်ရေတပ်၏ ကြေညာချက်တွင် “လေယာဉ်မှူးသည် လေထီးဖြင့်ခုန်ထွက်နိုင်ခဲ့ပြီး တည်ငြိမ် သောအခြေအနေရှိကာ အသက်အန္တရာယ်မရှိသော ဒဏ်ရာများကို စစ်ဆေးအကဲဖြတ်ရန်နှင့် ကုသရန် အတွက် ဒေသခံဆေးရုံသို ပိုဆောင်ခဲ့သည်” ဟု ဖော်ပြခဲ့သညိ။
သတင်းရဟတ်ယာဉ်တစ်စင်းမှ ရိုက်ကူးထားသော ဝေဟင်ဗီဒီယိုတွင် မြေသားလယ်ကွင်းတစ်ခုရှိ အပျက်အစီးများမှ မီးခိုးမည်းများ ထွက်လာသည်ကို ပြသထားပြီး စစ်ဘက်နှင့် မီးသတ်ယာဉ်များစွာနှင့် လူများ အနီးအနားတွင် ရပ်နေကြသည်။ အဖြူရောင် မီးငြှိမ်းဆေးဟုထင်ရသည့် အရာက မြေပြင်ကို ဖုံးလွှမ်းနေပြီး အနည်းဆုံး လူတစ်ယောက်က အပျက်အစီးများကို မီးသတ်ပိုက်နှင့် ပက်ဖျန်းနေသည်ကို တွေ့ကြရသည်။

ဆန်ဒီယေဂို မီးသတ်ဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကန်ဒေ့စ်သည် ဟတ်လီက လေယာဉ်ပျက်ကျရာ နေရာအနီးတွင် လောင်ကျွမ်းခဲ့သည့် သစ်ပင်မီးလောင်မှုကို တုံ့ပြန်ရန် မီးသတ်သမားများ ရောက်ရှိနေ ကြောင်း ပြောခဲ့သည်။
၂၀၂၄ ခုနှစ် စာရင်းများအရ အမေရိကန် မရိန်းတပ်ဖွဲ့၊ ရေတပ်နှင့် လေတပ်တို့တွင် F-35 တိုက်လေယာဉ် ၆၃၀ ကျော် ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ F-35B မှာ F-35 တိုက်လေယာဉ် ပုံစံကွဲများစွာထဲမှ တစ်ခုဖြစ်ပြီး ပြေးလမ်းတိုတွင် ပျံတက်ဆင်းနိုင်မှုနှင့် ဒေါင်လိုက်ဆင်းသက်မှုအတွက် ဒီဇိုင်းထုတ်ထားကာ အင်ဂျင်တစ်ခု ပါရှိသည်။ F-35B တစ်စင်း၏ ကုန်ကျစရိတ်က ဒေါ်လာ ၁၀၉ သန်းနီးပါးရှိကြောင်းလည်း သိရသည်။
လေကြောင်းဘေးကင်းရေးကွန်ရက် စာရင်းဇယားများအရ ၂၀၂၆ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုတွင် အနည်းဆုံး စစ်ဘက်လေယာဉ် ခုနစ်စင်း ပျက်ကျခဲ့ကြောင်း သိရသည်။
အဆိုးရွားဆုံးဖြစ်ရပ်မှာ ဇွန်လက ကယ်လီဖိုးနီးယားပြည်နယ် မိုဟာဗီသဲကန္တာရတွင် ပျံတက်ပြီး မကြာမီ B-52 ဗုံးကြဲလေယာဉ်တစ်စင်း ပျက်ကျခဲ့ခြင်းဖြစ်ပြီ လေယာဉ်ပေါ်ပါ လူရှစ်ဦးစလုံး သေဆုံးခဲ့သည်။
Ref : AP
