◾ မြစ်ဆုံစီမံကိန်းအပါအဝင် တည်ဆောက်မည့် လျှပ်စစ်စီမံကိန်း ၁၀ ခုကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏကို အပြည့်အဝဖြန့်ဖြူးပေးနိုင်မည်ဟုပါ ဆို
သတိုး
၁. ၈. ၂၀၂၆
လျှပ်စစ်ဓာတ်အား ၆၆၀ မဂ္ဂါဝပ်အထိ ထွက်ရှိမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အနည်းဆုံးဖြစ်စေမည့် အဆင့်မြင့်နည်းပညာသုံး ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို (၅) နှစ်အတွင်း အဆင့်လိုက်တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝအဆင့် အတန်းမြင့်မားစေရန်အတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးသည် အလွန်အရေးကြီးကြောင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရည် (LNG) အသုံးပြုသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်တွင်းတွင် လျှပ်စစ်နှင့် စွမ်းအင်အရင်းအမြစ်များအပေါ် အခြေခံပြီး သင့်လျော်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို တွက်ချက်စဉ်းစားသည့် နေရာတွင် “နေရောင်ခြည်စွမ်းအင်” သည် မိမိတို့နိုင်ငံအတွက် အထူးသင့်လျော်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထားအရ အီကွေတာနှင့်နီးသဖြင့် တစ်နှစ်ပတ်လုံး နေရောင်ခြည်စွမ်းအင် အပြည့်အဝရသည့်အတွက် အရှေ့တောင်အာရှတွင် ဆိုလာစွမ်းအင် ထုတ်လုပ်နိုင်စွမ်း အလားအလာအကြီးမားဆုံးနိုင်ငံများထဲတွင် ပါဝင်ကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေသည့် ပြန်လည်ပြည့်ဖြိုးမြဲ ကိုယ်ပိုင်ဆိုလာဓာတ်အားပေးစနစ်များ တည်ဆောက်တပ်ဆင်အသုံးပြုကြရန် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်းလည်း ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့အတူ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ ရေရှည်စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ်နိုင်ရန် အရေးကြီးသည့်အတွက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဧရာဝတီပင်မမြစ်ကြီးပေါ်တွင်လည်း အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေး လေ့လာမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်ဆုံစီမံကိန်းအပါအဝင် တည်ဆောက်မည့် လျှပ်စစ်စီမံကိန်း ၁၀ ခုကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏကို အပြည့်အဝဖြန့်ဖြူးပေးနိုင်မည် ဖြစ်သောကြောင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားစေရန်အတွက် ကြိုးစားအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အလားတူ နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများကို ရရှိနိုင်မည့် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားရှာဖွေသည့်နေရာတွင် ကျောက်မီးသွေးသုံးလျှပ်စစ် ဓာတ်အားပေးလုပ်ငန်းနှင့် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများသည်လည်း ထည့်သွင်းစဉ်းစားရမည့် နည်းလမ်းများဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးစီမံချက် ပြည့်မီရန်အတွက် တစ်ထောင့်တစ်နေရာမှ အားဖြည့်နိုင်ရန် ၆၆၀ မဂ္ဂါဝပ်အထိ ထွက်ရှိမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အနည်းဆုံးဖြစ်စေမည့် အဆင့်မြင့်နည်းပညာသုံး ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို (၅) နှစ်အတွင်း အဆင့်လိုက်တည်ဆောက်သွားမည် ဖြစ်သည့်အပြင် နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက်လည်း ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထပ်ဆင့် ပြောကြားသည်။
