၂၈.၇.၂၀၂၆
Written by Thiri
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ သဗ္ဗညုဂူဘုရားကြီး ပတ်ဝန်းကျင်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံ ပညာရှင်တွေ ပူးပေါင်းပြီး တူးဖော်သုတေသနလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိရာ ဘုရားရဲ့ အနောက်ဘက် မုခ်ဦးအဆောက်အအုံနဲ့ အနောက်ဘက် မဟာရံတံတိုင်း အုတ်လွှားတွေကို တူးဖော်တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသမှာ ပြင်းအား ၆ ဒသမ ၈ ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် သဗ္ဗညုဂူဘုရားကြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ကာ အဆိုပါ ပျက်စီးမှုတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ဖို့အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့အကြား ၂၀၁၇ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှာ ဆွေးနွေးမှု သဘောတူညီချက် (MOM) နဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့မှာ နားလည်မှုစာချွန်လွှာ (MOU) တို့ကို စနစ်တကျ လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။


အဆိုပါ နားလည်မှုစာချွန်လွှာအရရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ပညာရှင်တွေနဲ့ တရုတ်နိုင်ငံ Shaanxi Academy of Archaeology မှ ရှေးဟောင်းသုတေသနပညာရှင်တွေ ပူးပေါင်းကာ သဗ္ဗညုဂူဘုရား ပတ်ဝန်းကျင်မှာ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုလုပ်ငန်းများကို ၂၀၁၇ ခုနှစ်ကတည်းက စတင်ပြီး အဆင့်ဆင့် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
အခု ၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ သုတေသနအဖွဲ့တွေက ကွင်းဆင်းပြီး သုတေသနကျင်းကွက်များ တူးဖော်ခဲ့ရာမှာ ဘုရားရဲ့ အနောက်တောင်ထောင့် မဟာရံတံတိုင်း ထောင့်ချိုးကို သိရှိနိုင်ရန်အတွက် (၈) မီတာပတ်လည် ကျင်းကွက်တွေကို လည်းကောင်း၊ ဘုရားရဲ့အနောက်ဘက် မုခ်ဦးကို သိရှိနိုင်ဖို့အတွက် အရှေ့အနောက် (၁၄) မီတာနှင့် တောင်မြောက် (၆) မီတာ ကျင်းကွက်တွေနဲ့လည်းကောင်း စနစ်တကျ တူးဖော်ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီလို စနစ်တကျ တူးဖော်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဘုရားရဲ့ အနောက်ဘက် မုခ်ဦးအဆောက်အအုံ အထောက်အထားတွေနဲ့ အနောက်ဘက်ရှိ မဟာရံတံတိုင်း အုတ်လွှားတွေကို အောင်မြင်စွာ တူးဖော်တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာတော့ သုတေသနပညာရှင်တွေအနေနဲ့ သဗ္ဗညုဂူဘုရားကြီးရဲ့ အနောက်တောင်ထောင့် မဟာရံတံတိုင်း ထောင့်ချိုးအတိအကျကို သိရှိနိုင်ရေးနဲ့ တောင်ဘက်ပိုင်းရှိ မဟာရံတံတိုင်း အထောက်အထားတွေကို ဆက်လက်တူးဖော်သုတေသနပြုလျက်ရှိပြီးနောက်ထပ် ထူးခြားတဲ့ တွေ့ရှိချက်တွေ ရှိလာပါကလည်း ထပ်မံထုတ်ပြန် အသိပေးသွားမှာဖြစ်ကြောင်းလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)က အသိပေးထားပါတယ်။


