၂၈.၇.၂၀၂၆
Written By Thandar
ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ အကယ်ဒမီ မင်းဦးက “အနန္တလရောင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ နှစ်ဘဝဆန်ဆန် ဖခင်မေတ္တာကာရိုက်တာနဲ့ ပီပြင်အောင် ကြိုးစားသရုပ်ဆောင်သွားမယ်လို့ ဖွင့်ဟလာပါတယ်။
တော်ဝင်နန်းစံရုပ်ရှင်ထုတ်လုပ်ရေးက အဆိုပါရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးပွဲကို အခမ်းအနားကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြိုရှိ ကျိုက္ကစံဘုရားမှာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။
“ဒီ အနန္တလရောင်ဆိုတဲ့အတိုင်း ဇာတ်လမ်းလေးက နှစ်ဘဝပုံစံမျိုးလေးပါ။ နှစ်ဘဝပုံစံလေးမျိုးဇာတ်က တော်တော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့် တချို့ဟာလေးတွေက ဆင်ဆာလေးတွေရှိလို့ ပြင်လိုက်တယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လေးပါ။ ကျွန်တော်က ဒီကားမှာ ဟိုဘက်ဘဝမှာရော ဒီဘက်ဘဝမှာရော အဖေတစ်ယောက်အနေနဲ့မြင်ရမယ်ပေါ့။ ကာရိုက်တာလေးက နည်းနည်းထူးဆန်းတယ်။ ပထမစတည်လိုက်တဲ့ ဇာတ်က မရိုက်ဖူးသေးတဲ့ ဇာတ်လေးပါ။ အဖေတစ်ယောက်ရဲ့ မေတ္တာတရားတွေ တွေ့ရမယ်ပေါ့။ အကောင်းဆုံးဖြစ်အောင် ကိုဇော်နဲ့ ရိုက်ကူးရမှာပါ။ ကိုယ်နဲ့ မဆုံဖြစ်တာကြာပါပြီ။ ဟာသကားတွေ ကိုယ်လည်း မရိုက်ဖြစ်တော့လေ။ ပြန်ဆုံတဲ့ကားလေးပါ”လို့ အကယ်ဒမီ မင်းဦးက ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်း ရာဇဝင်ကိုရေးသားပြီး D.O.P အကယ်ဒမီ သားကျော်၊ တွဲဖက် ဒါရိုက်တာ နေလင်း၊ ဒါရိုက်တာ အကယ်ဒမီကိုဇော် (အရုဏ်ဦး) က အကောင်းဆုံး မိဘမေတ္တာဖွဲ့ နှစ်ဘဝဇာတ်လမ်းပုံစံ ဩဂုတ်လဆန်းပိုင်းမှာ ရိုက်ကူးပုံဖော်မှာလည်းဖြစ်ပါတယ်။
အနုပညာရှင်တွေအနေနဲ့ အကယ်ဒမီ နေဝင်း၊ အကယ်ဒမီ မင်းဦး၊ ဆောင်းသီရိစံ၊ ထက်ထက်ထွန်း၊ ထွန်းပုလဲရတနာ၊ မိုခမ်း၊ သုန္ဒြေဦး၊ ဘရန်ဒိုလီ၊ ရန်ပြေ၊ ခိုင်ဇာသွေး၊ အေဏီဇော်၊ အယ်လီနာ၊ ယဉ်မင်းပိုက်၊ ဇာခြည်လွင်နဲ့အတူ တခြားသရုပ်ဆောင်တွေလည်းပါဝင်ကြမှာ ဖြစ်ပါတယ်။
#နေဝင်း #မင်းဦး #ဆောင်းသီရီစံ #ထက်ထက်ထွန်း #NayWin #MinOo #SaungThiriSan #HtetHtetHtun #အနန္တလရောင်ရုပ်ရှင်ဇာတ်ကားကြီး #တော်ဝင်နန်းရုပ်ရှင်ထုတ်လုပ်ရေး #MyanmarActor #မိဘမေတ္တာဖွဲ့ #အနန္တလရောင်




