သက်တံ့
၂၈. ၇. ၂၀၂၆
တရုတ်နိုင်ငံတွင် လေကြောင်းပျံသန်းနိုင်မှု စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ထားပြီး အရပ်ဘက် ရည်ရွယ်ချက်အမျိုးမျိုးအတွက် သင့်လျော်သည့် ပထမဆုံး တန်နှင့်ချီလေးသော ခရီးဝေး မောင်းသူမဲ့လေယာဉ် (UAV) ဖြစ်သော Yitong UAV System ကုမ္ပဏီ၏ TP200 ဒရုန်းသည် တနင်္ဂနွေနေ့က ၎င်း၏ ပထမဆုံးအကြိမ် ပျံသန်းမှုကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
တနင်္လာနေ့ထုတ် Science and Technology Daily ၏ သတင်းဖော်ပြချက်အရ ရေကြောင်း ကင်းလှည့်ခြင်း၊ ကျွန်းများသို့ ထောက်ပံ့ရေးနှင့် မြေပြင်တိုင်းတာခြင်းတို့ကို လုပ်ဆောင်ရန် ဒီဇိုင်းထုတ်ထားသော TP200 သည် အများဆုံး ဝန်တင်ဆောင်ထားစဉ်အတွင်း လေထဲတွင် ၂၄ နာရီတိတိ ဆက်လက် ပျံသန်းနိုင်ပြီး ကီလိုမီတာ ၃,၀၀၀ (မိုင် ၁,၈၆၀) အကွာအဝေးအထိ သွားလာနိုင်သည်။
Yitong မှ အရပ်ဘက်သုံးရန် တီထွင်ထုတ်လုပ်ထားသည့် TP200 ကို ပင်လယ်ပြင် ကင်းလှည့်ခြင်း သို့မဟုတ် ကမ်းရိုးတန်းအနီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအတွက် အသုံးပြုနိုင်သည်။ ၎င်းသည် ကမ်းရိုးတန်းများကို စောင့်ကြည့်ရန်နှင့် ဝေးလံခေါင်သီသော တောင်တန်းများနှင့် ကျွန်းများသို့ အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန်အတွက်လည်း သင့်လျော်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်း၏ ပြောင်းလွယ်ပြင်လွယ်ရှိသည့် Modular ဒီဇိုင်းကြောင့် ဒရုန်းကို မိုးလေဝသစောင့်ကြည့် ကိရိယာတွေ၊ ကင်မရာတွေအပြင် စစ်ဘက်သုံး အာရုံခံကိရိယာ (Sensors)၊ ရေဒါ (Radar)၊ အီလက်ထရွန်နစ် နှောင့်ယှက်ရေးကိရိယာ (Electronic Warfare Equipment) များကို အလွယ်တကူ တပ်ဆင်လိုက်သည်နှင့် တရုတ်၏ “Military-Civil Fusion” (စစ်ဘက်နဲ့ အရပ်ဘက် ပေါင်းစပ်ရေး) မူဝါဒအရ ထောက်လှမ်းရေး/ကင်းလှည့် ဒရုန်းအဖြစ် ပြောင်းလဲသွားမည့် အားသာချက်လည်း ရှိနေသည်။ ထို့အပြင် မိုးခေါင်ရေရှားမှုကို စောင့်ကြည့်ခြင်း၊ သစ်တောနှင့် မြက်ခင်းပြင် မီးလောင်ကျွမ်းမှုများကို တိုက်ဖျက်ခြင်း၊ မြေပုံရေးဆွဲခြင်း သို့မဟုတ် သစ်တောနှင့် ဂေဟစနစ်များကို စစ်ဆေးခြင်း စသည်တို့အတွက် မည်သည့်ရာသီဥတုတွင်မဆို ပြင်ဆင်အသုံးပြုနိုင်ကြောင်းလည်း သတင်းတွင် ထပ်လောင်းဖော်ပြထားသည်။
ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်အရ TP200 သည် အမြင့်ပေ ၇,၆၀၀ မီတာ (ပေ ၂၅,၀၀၀) အထိ အမြင့်ဆုံး ပျံသန်းနိုင်စွမ်းရှိပြီး အမြင့်ဆုံး အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ ဖြစ်သည်။ ၎င်းသည် မီတာ ၃၀၀ အတွင်း ထွက်ခွာဆင်းသက်နိုင်ပြီး ကတ္တရာမခင်းရသေးသော ပြေးလမ်းများတွင်လည်း လုပ်ဆောင်နိုင်စွမ်းရှိသည်။
TP200 လောင်စာဆီသုံး ဒရုန်းလေယာဉ်တွင် လေဝင်ပေါက် နှစ်ခု (နောက်ပိုင်း ကိုယ်ထည်၏ အထက်ဘက်တွင် တစ်ခုနှင့် အောက်ဘက်တွင် တစ်ခု) ပါရှိပြီး အမြီးပိုင်း ပန်ကာနှင့် နှစ်ခုစပ်ဆက်ထားသော ဒေါင်လိုက် ထိန်းညှိကိရိယာများ ပါဝင်သည်ဟုလည်း သိရသည်။
Ref: SCMP
