၂၈.၇.၂၀၂၆
Written by Linn Eain
ကျောင်းကျန်းမာရေးလုပ်ငန်းများကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ဇူလိုင် ၂၇ ရက်က ကျင်းပသည့် ကျောင်းကျန်းမာရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ကျောင်းကျန်းမာရေးဗဟိုကော်မတီ နာယက၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက “အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းကို ပိုမိုပြီး ထိထိရောက်ရောက်ဆောင်ရွက်ရန်၊ ကျောင်းကျန်းမာရေးနှင့်စပ်လျဉ်း၍ ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရရှိစေရေးအတွက် အသိပညာပေးခြင်းများဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည့်အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ကျောင်းကျန်းမာရေးဗဟိုကော်မတီ နာယက၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်ကလည်း အခြေခံပညာကျောင်းများ၌ ဆောင်ရွက်လျက်ရှိသည့် ကျောင်းကျန်းမာရေးလုပ်ငန်းများအပြင် အာဟာရနှင့် ဆယ်ကျော်သက်လူငယ်ကျန်းမာရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများရရှိရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျောင်းကျန်းမာရေးလုပ်ငန်းများကို အခြေခံပညာကျောင်းများအပြင် ပုဂ္ဂလိက၊ ဘုန်းတော်ကြီးသင်နှင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းများအားလုံးတွင် ဆောင်ရွက်ရေးနှင့် ဩဂုတ် ဒုတိယအပတ်တွင်ကျင်းပမည့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးကိုလည်း ၎င်းအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းကျန်းမာရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် (Student Health Record Card) အား Grade (6) မှ Grade (12) အလယ်တန်းနှင့် အထက်တန်းအထိ မှတ်တမ်းမှတ်ရာများ တိုးချဲ့ဆောင်ရွက်ရန် စီမံချက်များ စနစ်တကျရေးဆွဲအကောင်အထည်ဖော်ရေး၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ဆယ်ကျော်သက်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ထည့်သွင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောင်းကျန်းမာရေးကော်မတီ အဆင့်ဆင့်ကို ပြန်လည်တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပြီး နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသားမိဘများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ ကျောင်းကျန်းမာရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း၍ ကျေးလက်ဒေသအောက်ခြေအထိ ကျောင်းကျန်းမာရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များတွင် ပညာရေးဝန်ကြီးဌာနအပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းကဲ့သို့သော အဖွဲ့များနှင့်ပူးပေါင်း၍ အားဖြည့်ဆောင်ရွက်ရေး၊ ကျောင်းသားလူငယ်များ ကိုယ်လက်လှုပ်ရှားအားကစား ပိုမိုဆောင်ရွက်စေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုနှင့် လူနေမှုပုံစံများ၊ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများ စသည်တို့နှင့်ပတ်သက်၍ အသက်အရွယ်အလိုက် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းကို ပိုမိုဆောင်ရွက်ရေးတို့ကိုလည်း ၀ိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
