နေမိုး
၂၃. ၇. ၂၀၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် ရဟန်းတစ်ပါးကို PDF များက ဖမ်းဆီးသတ်ဖြတ်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ရွာငံမြို့နယ်၊ ပွေးနဖားကျေးရွာရှိ “ပွေးနဖားသာသနဝိပုလမြသိန်းတန်” ဘုန်းကြီးကျောင်းမှ ဝါတော် သုံးဝါ၊ သက်တော် ၄၀ ရှိသူ ဦးဝိလာသသည် ဇူလိုင်လ ၂၀ ရက်၊ ည ၁၀ နာရီခွဲအချိန် အဆိုပါကျောင်းတိုက်၌ သီတင်းသုံးနေစဉ် PDF ၅ ဦးရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဘုန်းကြီးကျောင်း၏ တောင်ဘက် ၁ မိုင်ခန့်အကွာ နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာသွားမြေသားလမ်းပေါ်အရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝိလာသမှာ ကျည်ထိမှန်ဒဏ်ရာရရှိကာ ပျံလွန်တော်မူသွားခဲ့သည်ကို ဇူလိုင် ၂၁ ရက်နေ့တွင်မှ အလောင်းပြန်လည် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဦးဝိလာသ၏ လူအမည်မှာ ဂေါ်လီဟုလည်း သိရပြီး PDF များက ဒလန်ဟု တံဆိပ်ကပ်ကာ ဒလန်ဂေါ်လီဟု မကြာခဏ ခြိမ်းခြောက်နေသဖြင့် သုံးနှစ်ကျော်ကြာ ရဟန်းဝတ်ကာ အေးချမ်းစွာ နေခဲ့သော်လည်း ဇူလိုင် ၂၀ ရက်တွင်မူ အကြမ်းဖက် PDF များ၏ ရက်စက်စွာသတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ဆိုသည်။
နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် သံဃာတော် အပါး ၁၀၀ ကျော်အပါအဝင် အပြစ်မဲ့အရပ်သားများ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ လူပေါင်း ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။
