ပုံစာ။ တံခါးညပ်ကာ သေဆုံးသွားသည့်အမျိုးသားမြင်ကွင်း (Photo - ArrPuu Tuu)
သက်တံ့
၂၃. ၇. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် သော့မေ့ကျန်သည်ကို တက်ယူသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အပေါ်ထပ် တိုက်ခန်းအဝင် သံပန်းဘာဂျာတံခါးတွင် လည်ပင်းညပ်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်အိမ်ကြီးလမ်းရှိ ခြောက်ထပ်တိုက် အပေါ်ဆုံးထပ်တွင် နေထိုင်သူအမျိုးသားတစ်ဦးသည် ယမန်နေ့ ညသန်းခေါင်ကျော်အချိန်ခန့်က တိုက်ခန်းပေါ်သို့ ပြန်တက်ရန် သော့မေ့ကျန်ခဲ့သဖြင့် သံပန်းကာထားသည့် လှေကားခွင်သံဘာဂျာတံခါး၏အကြား လစ်ဟာနေသောအပေါက်ငယ်မှ ကျော်တက်ရန် ကြိုးပမ်းစဥ် ခြေချော်သွားသည့်အသွင်ဖြင့် ပြုတ်ကျရာမှ လည်ပင်းညပ်သွားကာ ဆွဲကြိုးချ (ကြိုးဆွဲချ) သည့်ပုံစံဖြင့် သေဆုံးနေသည်ကို ယနေ့ နံနက်လင်းချိန်တွင်မှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ကူညီပေးခဲ့သူများထံမှ သိရသည်။
“သေဆုံးသူမှာ အပေါ်ဆုံးထပ်တွင် နေထိုင်သူဟု သိရပါတယ်။ သော့ကျန်ခဲ့လို့ ရသလို ကျော်ဝင်ရင်း ဖြစ်သွားတယ် ထင်ပါတယ်” ဟု ကူညီပေးခဲ့သည့် ကိုပူတူးပရဟိတအဖွဲ့မှ လူမှုကွန်ရက်တွင် အသိပေးထားသလို “တံခါးပိတ်ထားတာဗျ။ အပြင်မှာက သံပန်းလိုလေး ထပ်ကာထားတာ။ ဘီးလုံးနဲ့ ကာထားတဲ့ ကြားကနေ တိုးဝင်ရင်း ဖြစ်တာပါ”ဟုလည်း မှတ်ချက်ပေးထားသည်။
တံခါးညပ်ကာ သေဆုံးခဲ့သည့် အမျိုးသားကို ကိုပူတူးနှင့် ဘော်ဒါများ လူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူများက ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ပုံစာ။ တံခါးညပ်ကာ သေဆုံးသွားသည့်အမျိုးသားမြင်ကွင်း (Photo – ArrPuu Tuu)


