သက်တံ့
၂၃. ၇. ၂၀၂၆
အိန္ဒိယအစိုးရ (နယူးဒေလီ) သည် တရုတ်နိုင်ငံက တင်းကျပ်စွာ ထိန်းချုပ်ထားသည့် မဟာဗျူဟာမြောက် မြေရှားသယံဇာတအတွက် အစားထိုး ထောက်ပံ့ပေးနိုင်မည့် လမ်းကြောင်းများကို ရှာဖွေလျက်ရှိသည်။ ထို့အတွက် အိန္ဒိယကိုယ်စားလှယ်အဖွဲ့များ အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီးနောက် အိန္ဒိယနှင့် မြန်မာတို့အကြား မြေရှားဒြပ်စင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်လျက်ရှိသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မန္တလေးမြို့တွင် ကျင်းပသည့် သတ္တုတူးဖော်ရေး ဖိုရမ်ဖွင့်ပွဲ မိန့်ခွန်း၌ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘေး ထာကူးရ် (Abhay Thakur) က မြေရှားဒြပ်စင်ဆိုင်ရာ နှစ်နိုင်ငံကြား တိုးတက်လာနေသည့် ပူးပေါင်းဆောင်ရွက်မှုများကို မီးမောင်းထိုးပြခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်နစ်အတွင်း သတ္တုတူးဖော်ရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုဟာ သိသိသာသာ အရှိန်အဟုန် ရရှိခဲ့ပါတယ်” ဟု ထာကူးရ်က ပြောကြားခဲ့သလို “ဒီအထဲမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာနဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွေမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ မြေရှားဒြပ်စင်နဲ့ အရေးပါတဲ့ သတ္တုတွင်းထွက်များဆိုင်ရာ အိန္ဒိယကိုယ်စားလှယ်အဖွဲ့နှစ်ဖွဲ့ရဲ့ ခရီးစဉ်တွေလည်း ပါဝင်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် မေလကုန်ပိုင်းနှင့် ဇွန်လဆန်းက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံသို့ တရားဝင်သွားရောက်သည့် ခရီးစဉ်အတွင်း၌လည်း ဤကိစ္စကို အဆင့်မြင့်အဆင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ထာကူးရ်၏ အဆိုအရ သိရသည်။
“အရေးပါတဲ့ သတ္တုတွင်းထွက်တွေကို ရယူသုံးစွဲဖို့ အိန္ဒိယရဲ့ လိုအပ်ချက်ဟာ စဉ်ဆက်မပြတ် သတ္တုတူးဖော်ရေးကနေ မြန်မာနိုင်ငံအတွက် ရရှိမယ့် အကျိုးအမြတ်တွေနဲ့ ပေါင်းစပ်လိုက်ရင် ရေတိုရော ရေရှည်မှာပါ ခိုင်မာပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် အခွင့်အလမ်းတွေကို ဖန်တီးပေးနေပါတယ်” ဟု ထာကူးရ်က ပြောကြားခဲ့သည်။
ကမ္ဘာ့ အလေးစား မြေရှားဒြပ်စင် (Heavy Rare Earths) ထုတ်လုပ်မှု၏ တစ်ဝက်နီးပါးခန့်ကို မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မိုင်းတွင်းများမှ တူးဖော်ထုတ်ယူနေခြင်းဖြစ်ပြီး ယင်းတို့ကို လျှပ်စစ်ကားများနှင့် လေစွမ်းအင်တာဘိုင်များတွင် သုံးသည့် သံလိုက်များ ထုတ်လုပ်ရန် တရုတ်နိုင်ငံသို့ တင်ပို့ပြုပြင် စက်ရုံသွင်းကြကြောင်း ရိုက်တာ (Reuters) သတင်းက ဖော်ပြခဲ့ဖူးသည်။
ထို့အပြင် တရုတ်နယ်စပ်အနီး မြန်မာနိုင်ငံ၏ အဓိက မိုင်းတွင်းဗဟိုချက်များကို ထိန်းချုပ်ထားသည့် ကချင်လက်နက်ကိုင် KIA ထံမှတစ်ဆင့် အိန္ဒိယက မြေရှားဒြပ်စင် နမူနာများ တောင်းခံခဲ့ကြောင်း ရိုက်တာသတင်းက ယခင်ကလည်း ဖော်ပြခဲ့ဖူးသည်။
မန္တလေး သတ္တုတူးဖော်ရေး ဖိုရမ်တွင် တက်ရောက်ခဲ့သည့် အိန္ဒိယကုမ္ပဏီများတွင် IREL၊ NTPC Mining၊ Himadri Specialty၊ Oceanic Sands၊ PrNd Metal & Magnets နှင့် Jai Puri Holdings တို့ ပါဝင်ကြောင်းလည်း ထာကူးရ်က ပြောကြားခဲ့သည်။
ထို့အပြင် “အိန္ဒိယမှ Midwest” ကုမ္ပဏီသည်လည်း မည်သည့် ပတ်သက်ဆက်နွှယ်မှုမျိုးဖြစ်သည်ကို အသေးစိတ် မပြောကြားသော်လည်း လွန်ခဲ့သော လများနှင့် နှစ်များအတွင်း မြန်မာနိုင်ငံနှင့် နီးကပ်စွာ ထိတွေ့ဆက်ဆံခဲ့ကြောင်း ထာကူးရ်က ပြောခဲ့သည်။
KIA ထိန်းချုပ်မှုအောက်ရှိ မိုင်းတွင်းများမှ နမူနာများ စုဆောင်းခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲများတွင် အိန္ဒိယနိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ IREL နှင့် ပုဂ္ဂလိကကုမ္ပဏီ Midwest Advanced Materials တို့ ပါဝင်ခဲ့ကြောင်း ရိုက်တာသတင်းက ယခင်က ဖော်ပြခဲ့ဖူးသည်။
Ref: Reuters Via FMT
