သက်တံ့
၂၄. ၆. ၂၀၂၆
ဖူးခက်ပြည်နယ်၊ မောင်း (Muang) ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တရားမဝင် နိုင်ငံခြားသားလုပ်သား ၂၂ ဦး (အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြသည်) ကို အင်္ဂါနေ့ (ဇွန် ၂၃ ရက်) က ဖမ်းဆီးရမိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရေးမှူးများက အဆိုပါလုပ်သားများကို ငှားရမ်းထားသည့် ကုမ္ပဏီများ၏ အမည်ခံပိုင်ဆိုင်မှု (Nominee) ကိစ္စရပ်များအထိပါ ထည့်သွင်းကာ စုံစမ်းစစ်ဆေးမှုများကို တိုးချဲ့လုပ်ဆောင်နေသည်။
၎င်းတို့အား ဖူးခက်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ရဲဗိုလ်ကြီး ခတ္တရတ် ဂျန်ဆင် ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့က ချာလောင်းကျေးရွာအုပ်စုရှိ လုပ်ငန်းခွင်တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူအားလုံးသည် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထား စာရွက်စာတမ်းများကို တင်ပြနိုင်ခြင်းမရှိကြဘဲ၊ ၎င်းတို့အား ပြည်တွင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအမိန့်ပေးဌာန (ISOC) ၏ ပြည်နယ်ရုံးသို့ ခေါ်ဆောင်သွားခဲ့ရာ ဖမ်းမိသူများမှာ တရုတ်နိုင်ငံသား ၁၉ ဦးနှင့် မြန်မာနိုင်ငံသား ၃ ဦးဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
ဒုတိယအုပ်ချုပ်ရေးမှူး ခတ္တရတ်က ပြည်နယ်အတွင်းတွင် နိုင်ငံခြားသားများ တရားမဝင် လာရောက်လုပ်ကိုင်နေသည့် ဖြစ်စဉ်များ (အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် တရုတ်နိုင်ငံသားများ ဝင်ရောက်လုပ်ကိုင်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းများ) မကြာခဏ ရှိနေကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် စနေနေ့ကလည်း ဖူးခက်အပါအဝင် တောင်ပိုင်းပြည်နယ် ၃ ခုရှိ တရားမဝင် နိုင်ငံခြားသားအမည်ခံ (Nominee) စီးပွားရေးလုပ်ငန်းများကို အကြီးအကျယ် နှိမ်နင်းခဲ့ရာ ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသား သံသယရှိသူ ၄၈ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ထို့ကြောင့် စုံစမ်းစစ်ဆေးမှုများသည် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသည့် သံသယရှိသူများကိုတင်မကဘဲ ထိုထက်မက ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးသွားရမည်ဖြစ်ကြောင်း ရဲဗိုလ်ကြီး ခတ္တရတ်က ဆိုသည်။
အာဏာပိုင်များအနေဖြင့် ၎င်းတို့အား ငှားရမ်းထားသည့် ကုမ္ပဏီများ၏ ဖွဲ့စည်းပုံ၊ အစုရှယ်ယာရှင်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးအရင်းအမြစ်များကို စစ်ဆေးသွားမည်ဖြစ်ပြီး အမည်ခံ (Nominee) လုပ်ငန်းများ ပါဝင်ပတ်သက်နေခြင်း ရှိ၊ မရှိကို ဆုံးဖြတ်သွားမည်ဖြစ်သည်။
ထို့အပြင် ပြည်နယ်အတွင်း နိုင်ငံခြားသားများကျူးလွန်သည့် ရာဇဝတ်မှုများကို နှိမ်နင်းရန်အတွက် မူလ “ဖူးခက်မော်ဒယ်” (Phuket Model) ဖြေရှင်းချက်ကိုလည်း ကျင့်သုံးသွားမည်ဖြစ်သည်။ ယင်းက ရာဇဝတ်မှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူများနှင့် အဓိက အကျိုးအမြတ်ရရှိနေသူများကို ဖော်ထုတ်ရန် အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း ဒုတိယအုပ်ချုပ်ရေးမှူးက ပြောသည်။ တရားဝင် စီးပွားရေးလုပ်ကိုင်နေသူများအနေဖြင့်မူ မည်သည်ကိုမျှ စိုးရိမ်ရန်မလိုကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဖူးခက်ပြည်နယ် ရဲတပ်ဖွဲ့ဒုတိယအကြီးအကဲ ရဲမှူးကြီး ဖတ်သကွန်း ဆွမ်သီကုလ်က စုံစမ်းစစ်ဆေးရေးမှူးများသည် ၎င်းတို့ ဝင်ရောက်လာသည့် လမ်းကြောင်းများ၊ ၎င်းတို့အား ခေါ်ယူရာတွင် ပါဝင်ပတ်သက်သူများကို ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ပြီး၊ လွန်ခဲ့သော ခရီးသွားမှတ်တမ်းများကို ပြန်လည်စစ်ဆေးအတည်ပြုရန် နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref : Bangkok Post
